ဘေဂျင်း၊ ဇန်နဝါရီ ၂
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး မည့်သည့်အဖွဲ့စည်းကိုမှ ကူညီထောက်ပံ့ပေးခြင်းမရှိကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိက္ခများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက် သဘောထားက အလွန်ရှင်းလင်းကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အခိုင်မာအားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာန၏ သတင်းထောက်က မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး သည် မြန်မာတပ်မတော်စခန်းများကို မတိုက်ခိုက်ခင် တရုတ်အာဏာပိုင်များနှင့်ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရ အတည်ပြုပြောဆိုပေးစေလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်ချက် သဘောထားက အလွန်ရှင်းလင်းပြီး မြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားပေးထောက်ခံပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေမှာပါဝင်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံတာမျိုးမရှိဘူး၊ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ အပစ် ခတ်ရပ်စဲရေး ဆွေးနွေးမှုတွေက တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး၊ ငြိမ်ချမ်းရေးအတွက် အထောက်ကူဖြစ်စေမှာပါ။ လက်နက်ကိုင်အဖွဲ့စည်းတွေကြား မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အမြင့်ဆုံး သည်းခံချုပ်တည်းဖို့နဲ့ မြေပြင်တိုက်ခိုက်မှုအခြေအနေများကို လျော့ချဖို့နဲ့ မြန်မာနိုင်ငံမြောက် ပိုင်းအခြေနေ တည်ငြိမ်အေးချမ်းစေဖို့ အတူတကွလုပ်ဆောင်ရမှာဖြစ်တယ်။” ဟု ပြောသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက် နေ့မှစတင်ပြီး တအောင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့များ သည် နစကတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တအောင်းလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ မြန်မာနိုင်ငံ မြောက်ပိုင်မှာရှိနေတဲ့ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေတဲ့ ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဟာ ငွေကြေးရယူပြီး သူတို့ကိုအကာအကွယ်ပေးခဲ့တယ်ဆိုတဲ့ စွပ် စွဲချက်တွေ ထွက်ပေါ်လာနေပါတယ်။ငွေလိမ်မှုတွေကိုနှိမ်နင်းဖို့ တရုတ်ကစီစဉ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေက တရုတ်နိုင်ငံရဲ့ အဲဒီအစီအစဉ်အတိုင်း လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တိုက်ပွဲတွေ မစတင်ခင် တရုတ်ဟာ လက်နက်ကိုင်အဖွဲ့တွေဆီကနေ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ ကြိုးပမ်းခဲ့တယ်။ လက်နက်ကိုင်အဖွဲ့တွေက လက်ခံခဲ့တယ်။ တရုတ်ဟာ လက်နက် ကိုင်အဖွဲ့တွေက စစ်တပ်ကိုတိုက်ခိုက်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး သိနေခဲ့တယ်။ ဒါပေမယ့် တရုတ်အစိုးရဟာ တိုက်ခိုက်မယ့်အစီစဉ်တွေကို လျှိူ့ ဝှက်ထားဖို့ တိတ်တဆိတ် သဘောတူခဲ့တယ်။” ဟု NHK သတင်းဌာနက ပြီးခဲ့သောရက်ပိုင်းတွင် ဖော်ပြခဲ့သည်။
fmprc.gov.cn
မြန်မာနိုင်ငံရှိ မည့်သည်လက်နက်ကိုင်အဖွဲ့စည်းကိုမှ အားပေးထောက်ခံခြင်းမရှိကြောင်း တရုတ်အစိုးရ တုံ့ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်