ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်လက်နက်ပစ္စည်းများ မှောင်ခိုရောင်းချကူညီပေးခြင်းမရှိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့စည်းများထံ နယ်စပ်ဒေသဖြတ်ကျော်ပြီး စစ်လက်နက်ပစ္စည်းများ ရောက်ရှိနေသည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးဖြစ်သူ ဂျာရိုအန်ချိုင်းက “ လက်နက်မှောင်ခို ကုန်ကူးမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်လာချိန်တိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မြန်မာနိုင်ငံရှိ ပီဒီအက်ဖ်အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ လက်နက်တွေဟာ ထိုင်းတပ်မတော်ထံကနေ ရရှိတာမျိုးမရှိဘူးဆိုတာ ပြသနေပါတယ်။” ဟုပြောသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်လက်နက်များ လွဲပြောင်းပေးခြင်းမှ တားဆီးကာကွယ်နိုင်ရန် တင်းကြပ်သောအစီမံများလုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ထပ်မံပြောဆိုထားသည်။
မြန်မာနယ်စပ်ဒေသအခြေနေသည် ခက်ခဲရှုပ်ထွေးနေကြောင်း၊ ထိုင်းတပ်မတော်သည် နယ်စပ်ဒေသတွင် လူအခွင့်ရေးကာကွယ်စောင့်ရှောက်ရန်နှင့် တရားဥပဒေစိုးမိုးမှုများဖြစ်ရန် ကတိပြုထားကြောင်း ထိုင်းဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်းကပြောသည်။
ထိုင်း နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့များသည် လက်နက်ကုန်ကူးခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးခြင်းအပါအဝင် နယ်စပ်ဒေသတွင် တရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်နိုင်ရန် လုပ်ဆောင်နေကြောင်း ထိုင်းဗိုလ်ချုပ်ကြီးက ပြောသည်။
ထိုင်းနိုင်ငံသည် နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးနိုင်ရန် လုပ်ဆောင်နေပြီး နယ်စပ်ဒေသလုံခြုံရေးနှင့်ပတ် သက်ပြီး ထားရှိသောကတိများကို အကောင်ထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနေရပ်စွန့်ခွာသူများကို ကူညီပေးနိုင်ရန်အတွက် မြန်မာအစိုးရအပြင် အာဆီယံ၊ အမေရိကန်နိုင်ငံတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး တစ်လအ တွင်းကူညီပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
thethaiger.com/news
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်များရောင်းချခြင်းမရှိဟုထိုင်းဗိုလ်ချုပ်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်