ဂျာကာတာ၊ စက်တင်ဘာ ၆
အာဆီယံအနေဖြင့် မြန်မာနိုင်ငံရေး အခက်ခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် သုံးနိုင်ငံချဉ်းကပ်သောပုံစံ လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ဆွေးနွေးခဲ့ပြီးနောက် အာဆီယံအဖွဲ့ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ရာတွင် မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအလှည့်ကျဥက္ကဌ သုံးနိုင်ငံပူးတွဲကိုင်တွယ်သွားမည့် အစီအစဉ်ကို ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ အာဆီယံအလှည်ကျဥက္ကဌဟောင်း၊ အာဆီယံအလှည့်ကျ လက်ရှိဥက္ကဌနှင့် လာမည့်အာဆီယံအလှည့်ကျဥက္ကဌ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများကြောင့် အာဆီယံအလှည့်ကျဥက္ကဌ သက်တမ်းတစ်ခုအတွင်း ဖြေရှင်းနိုင်ရန် အလားလာနည်းသည့်အတွက် အာဆီယံအလှည့်ကျဥက္ကဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့် အစီအစဉ်ကို သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များက ဆိုသည်။
မြန်မာအရေးကို အာဆီယံအလှည့်ကျဥက္ကဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့် အစီအစဉ်အရ ယခုနှစ်တွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်လာအိုနိုင်ငံတို့ ပူးပေါင်းကိုင်တွယ်ရဖွယ်ရှိ နေကြောင်း သိရသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက မြန်မာအရေး ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအလှည့်ကျဥက္ကဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့် အစီစဉ်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရေးတွင်ပါဝင်သော အဖွဲ့စည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ သဘောတူညီချက် ငါးချက်သည် မြန်မာနိုင်ငံရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် အဓိကရည်ညွန်းရာအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ရပ်တန့်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းများကိုလျော့ချရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ သုံးနိုင်ငံပူးပေါင်းကိုင်တွယ်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်