မြန်မာနိုင်ငံရေးပြဿနာက အာဆီယံအတွက် အခက်အခဲဖြစ်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဆို

ဝါရှင်တန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံရေး အငြင်းပွားမှု ပြဿနာများသည် အာဆီယံအဖွဲ့အတွက် ခက်ခဲသောပြဿနာတစ်ရပ်ဖြစ်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထုတ်ဖော်ပြောဆို လိုက်သည်။

ဖိလစ်ပိုင်သမ္မတသည် နိုဝင်ဘာ ၂၀ ရက်နေ့က Hawaii ကျွန်းတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးကိစ္စသည် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေး သက်ရောက်မှုများအပါအဝင် ခက်ခဲရှုပ်ထွေးကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက “ မြန်မာနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံအတွက် တွန်းအားပေးနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရေး ပြဿနာက အလွန့်အလွန်ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာမျိုးဖြစ်တယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူ နှစ်သန်းနီးပါးရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

မြန်မာနိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူရမည်ဖြစ်သော်လည်း နိုင်ငံရေးအခက်ခဲ ပြဿနာများရှိနေခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် အစားထိုးတာဝန်ယူရန် ပြီးခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဆီယံသည် မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးကာ အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သော်လည်း လက်ရှိအချိန်အထိ အပြည့်အဝ အကောင်ထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း ဝေဖန် မှုများရှိနေသည်။

#ကောင်းထက်ငွေ

straitstimes.com

#ယနေ့ခေတ်

မြန်မာနိုင်ငံရေးပြဿနာက အာဆီယံအတွက် အခက်အခဲဖြစ်နေကြောင်း ဖိလစ်ပိုင်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.