ဘန်ကောက်၊ ဖေဖော်ဝါရီ ၆
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် အရှိန်မြင့်ကြိုးပမ်းနေကြောင်း၊ မြန်မာနိုင်ငံရေးအခက်ခဲတွင်ပါဝင်နေသော အဖွဲ့စည်းများနှင့် စေ့စပ်ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံသည် နေရပ်စွန့်ခွာနေထိုင်နေရသည့် မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးနိုင်ရန် စီစဉ်နေပြီး၊ အစားစာနှင့်ဆေးဝါးများ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီဟာဆက် ပွန်ကက်ကီအိုက ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဆီဟာဆက် ပွန်ကက်ကီအိုက ဖေဖော်ဝါရီလနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် မြန်မာနိုင်ငံ၊ မြဝတီမြို့အနီးတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးဇုန်တစ်ခုကို တည်ထောင်သွားရန် စီစဉ်ထားကြောင်း ထပ်မံပြောဆိုခဲ့သည်။
အဆိုပါလူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမည့် အစီအစဉ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် မြန်မာနိုင်ငံသား ၂၀,၀၀၀ ကျော်နှင့် ဒေသခံများကို အစားစာနှင့် ဆေးဝါးများ ကူညီပေးသွားဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၂ ဒသ ၆သန်းကျော် နေရပ်စွန့်ခွာနေထိုင်ရကြောင်း သိရသည်။
ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက “ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေတာကို ကျွန်တော်တို့ မတွေ့မြင်လိုဘူး။ လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမယ့် လုပ်ငန်းစဉ်တွေက ထိရောက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရတဲ့ ပုံစံမျိုးဖြစ်ရမယ်။” ဟု ပြောသည်။
ထိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမည့် လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက်တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် အထောက်ပံများစွာဖြစ်လာမည်ဟု ယုံကြည်ကြောင်း အဆိုပါလုပ်ငန်းစဉ်ကြောင့် နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG အဖွဲ့များကို တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် ဦးဆောင်နိုင်ဖွယ်ရှိနေကြောင်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးက “ အနည်းဆုံးတော့ ဒီနှစ်အလယ်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ကောင်းစတင်နိုင်ဖွယ်ရှိပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လမ်းခင်းပေးလိုက်တာလည်းဖြစ်ပါတယ်။” ဟု ထုတ်ဖော်ပြောဆိုထားသည်။
ကောင်းထက်ငွေ
nikkei.com
မြန်မာနိုင်ငံရေးတွင်ပါဝင်နေသောအဖွဲ့စည်းများနှင့် စေ့စပ်ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်မည်ဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်