မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ အပြုသဘောဆောင် ဟုဆို

ဘေဂျင်း၊ ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပြုသဘောဆောင်သောရလဒ်များ ရရှိခဲ့ကြောင်း တရုတ် အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က “ မြန်မာနိုင်ငံ မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အဖွဲ့စည်းတွေကြား ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ တွေ့မြင်ရတော့ ပျော်ရွင်မိပါတယ်။ ဆွေးနွေးမှုမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေရခဲ့တယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်သွားမယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆုံးအထိ စီစဉ်ဆောင်ရွက်ပေးသွားမယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေ အနေတွေ ဖြေလျော့နိုင်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့စည်းအားလုံး စိတ်ဝင်စားနေတယ်။ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် အောက်တိုဘာလ ၂၇ ရက်နေ့က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲများမှတဆင့် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းအထိ တိုက်ပွဲများ ကူးစက်ခဲ့ရာ လူပေါင်းငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့သည် တပ်မတော်စစ်စခန်းများကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ အရှိန်မြင့်တက်လာခဲ့ရာ တပ်မတော်စခန်းအချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်ရန်အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ အပြုသဘောဆောင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.