မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် စစ်ပွဲများရပ်တန့်ရန် လုပ်ဆောင်မည်ဟု တရုတ်ပြောကြား

ရန်ကုန်၊ ဧပြီ ၂၃

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် စစ်ပွဲများရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။

ဧပြီလ ၂၂ ရက်နေ့တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ သတင်းထောက်၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်၏ကြားဝင်စေ့စပ်ပေးမှုဖြင့် MNDAA အဖွဲ့သည် လားရှိုးမြို့ကို ပြန်လည်အပ်နှံရသည်ဟူသော အကြောင်းအရာသည် တရုတ်နိုင်ငံမှ မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟူသောကတိ ပျက်ပြားသွားသည်ဟု ဆိုနိုင်ပါသလား” ဟု သတင်းထောက်ကမေးမြန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ဆန္ဒနှင့် တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံသည် တက်ကြွစွာပံ့ပိုးကူညီလျက်ရှိကြောင်း၊ ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ လားရှိုးမြို့သို့ စောင့်ကြည်ရေးအဖွဲ့စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြား ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်သွားမည်ဖြစ်ကာ လားရှိုးမြို့ ချောမွေ့စွာလွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင် သက်သေခံသွားမည်ဖြစ်ကြောင်း Mr. Guo Jiakun က ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်နိုင်ငံက ကူမင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ စစ်ပွဲများရပ်တန့်ရန်အ တွက် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

MNDAA အဖွဲ့သည် ဧပြီ ၂၁ ရက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့မှဆုတ်ခွာခဲ့ပြီး ဒေသဆိုင်ရာအုပ်ချုပ်ခွင့်ကို နစကထံ ပြန်လည်လွှဲအပ်ခဲ့သည်။

#စုစု

ဓာတ်ပုံ – Chinese Embassy in Myanmar

#ယနေ့ခေတ်

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် စစ်ပွဲများရပ်တန့်ရန် လုပ်ဆောင်မည်ဟု တရုတ်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.