ဘေဂျင်း၊ ဇန်နဝါရီ ၄
မြန်မာနိုင်ငံမြောက်ပိုင်းက ပစ်ခတ်လိုက်သော အမြှောက်ကျည်ဆံများသည် တရုတ်နိုင်ငံဘက်ခြမ်းသို့ ဇန်နဝါရီ ၃ ရက်နေ့က ကျရောက်ပေါက်ကွဲခဲ့ပြီး၊ တရုတ်နိုင်ငံသားအနည်းဆုံး ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ Global Times သတင်းဌာနက ဖော်ပြထားသည်။
နစကတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ခတ်ရပ်စဲရန် ဆွေးနွေးနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လောက်ကိုင်မြို့မှ ပစ်ခတ်လိုက်သော အမြှောက်ကျည်ဆံများသည် Nansan ဒေသကို ဇန်နဝါရီ ၃ ရက်နေ့ နေလည် ၂ နာရီကျော်က ကျရောက်ပေါက်ကွဲခဲ့ကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် Zhenkang မြို့မှ တာဝန်ရှိသူများက ပြောသည်။
တရုတ်အာဏာပိုင်များအနေဖြင့် ဒဏ်ရသူငါးဦးကို ဆေးရုံကိုတင်ပို့ခဲ့ရကြောင်း Zhenkang မြို့မှ တာဝန်ရှိသူများက ထပ်မံပြောဆိုထားသည်။
လက်ရှိအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာသည် တရုတ်နှင့် မြန်မာ နယ်စပ်ဒေသမှ ၅၀၀ မီတာအကွာတွင်ရှိနေကြောင်း သိရသည်။
၂၀၁၅ ခုနှစ်ကလည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ခဲ့ရာ မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်လိုက်သော ကျည်ဆံများ တရုတ်နယ်စပ်ဒေသဖြစ် သော ယူနန်ဒေသကို ကျရောက်ပေါက်ကွဲခဲ့ပြီး မြန်မာနိုင်ငံသားလေးဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးသည် လောက်ကိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံသားများကို လောက်ကိုင်မြို့မှ အမြန်ဆုံးထွက်ခွာပြီး ဘေးလွှတ်ရာကို ရွှေ့ ပြောင်းရန် ပြီးခဲ့သောသီတင်းပတ်က တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သောအောက်တိုဘာလ နောက်ပိုင်းတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ နိုင်ငံတဝှမ်းတွင် လူပေါင်း ၆၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
တရုတ်အာဏာပိုင်များကလည်း တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားရန်နှင့် အဆိုပါဒေသမှ ဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် တိုက်တွန်းထား ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်လိုက်သော အမြှောက်ကျည်ဆံများ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်သည့်အတွက် တရုတ်နိုင်ငံသားအချို့ ဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်