မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ငြိမ်းချမ်းစေရန် သက်ဆင်လိုလားဟု သမီးဖြစ်သူ ထုတ်ဖော်ပြောဆို

ဘန်ကောက်၊ မေ ၁၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်၊ ငြိမ်းချမ်းစေရန် လိုလားနေကြောင်း သက်ဆင်၏သမီးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းအာဏာရပါတီဖြစ်သော ဖြူထိုင်းပါတီ၏ခေါင်းဆောင်ဖြစ်သူ ပီတွန်တန်က ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သော ၎င်း၏ဖခင်ဖြစ်သူသက်ဆင်သည် မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲစည်းများနှင့် ဆွေးနွေးခဲ့ပြီး ၎င်းနှင့်ပုဂ္ဂိုလ်ရေးရင်းနှီးမှုများကိုအသုံးချကာ ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးဖြစ်လာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပြောသည်။

သက်ဆင်သည် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် NUG ၊ ကချင်လက်နက်ကိုင်အဖွဲများနှင့် ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

သက်ဆင်သည် အဆိုပါအဖွဲနှစ်ဖွဲနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရှမ်းလက်နက်ကိုင်အဖွဲနှစ်ဖွဲနှင့်လည်း ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲစည်းများနှင့် ဆွေးနွေးခဲ့သော သက်ဆင်၏လုပ်ရပ်ကို ထိုင်းနိုင်ငံရေးပါတီများက ဝေဖန်ပြစ်တင်ခဲ့ပြီး ထိုင်းအောက်လွှတ်တော်ကော်မတီက စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းအောက်လွှတ်တော်ရှိ နိုင်ငံလုံခြုံရေးနှင့် နယ်စပ်ရေးရာကိစ္စကော်မတီက သက်ဆင်၏ဆောင်ရွက်များသည် ထိုင်းအစိုးရအဖွဲ၏ နိုင်ငံတကာမူဝါဒများအပေါ် ရှုပ်ထွေးမှုများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောဆိုခဲ့သည်။

သိုသော်လည်း ဖြူထိုင်းပါတီခေါင်းဆောင်ဖြစ်သူ ပီတွန်တန်က “ ဖခင်ဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့အခြေနေတွေကိုစိုးရိမ်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးသာဖြစ်တယ်။ သက်ဆင်ဟာပြည်ပမှာ ၁၇ နှစ်ကျော်ကြာနေထိုင်ခဲ့ရပေမယ့် ထိုင်းပြည်သူတွေကို ဂရုစိုက်နေဆဲဖြစ်ပါတယ်။ ထိုင်းပြည်သူတွေအတွက် ဖခင်ဖြစ်သူဟာ ဘာပဲဖြစ်ဖြစ် လုပ်ပေးလိုတယ်။” ဟု ပြောသည်။

သက်ဆင်သည် လက်ရှိထိုင်းအစိုးရအဖွဲတွင် ပါဝင်ခြင်းမျိုးမရှိသော်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများအပြင် မြန်မာအစိုးရနှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများရှိနေကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် ပီတွန်တန်ရှင်နာဝါထရာက ပြောသည်။

ကောင်းထက်ငွေ

asianews.network

မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ငြိမ်းချမ်းစေရန် သက်ဆင်လိုလားဟု သမီးဖြစ်သူ ထုတ်ဖော်ပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.