ရန်ကုန်၊ မတ် ၂၈
မြန်မာနိုင်ငံတဝန်းတွင် ၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ဝ၂ စက္ကန့်အချိန်တွင် ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆. ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါငလျင်သည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နှင့် ၃၄ ကီလိုမီတာအကွာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ တော်တော်ကြမ်းတယ်။ ငလျင်က။ တိုက်တွေဆို ယမ်းခါနေရောပဲ။ တော်တော်သိသာတယ်။ ဆူနာမီတောင် အဲဒီလောက်လှုပ်မယ်မထင်ဘူး။ တိုက်အောက်ကိုဆင်းပြေးရတယ်။” ဟု ရန်ကုန်ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ငလျင်ဒဏ်ကိုသိသိသာသာခံစားခဲ့ပြီး စစ်ကိုင်းတွင် စစ်ကိုင်းတံတားဟောင်းကျိုးခဲ့ပြီး၊ ပျက်ဆီးဆုံးရှုံးမှုပိုများခဲ့ကြောင်း သိရသည်။ တိုင်းနှင့်ပြည်နယ်အချို့တွင်လည်’ ပျက်ဆီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ- Myanmar Live(ဟိုတယ် အောင်ပန်း)
#ယနေ့ခေတ်
မြန်မာနိုင်ငံတွင် ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်