ဘေဂျင်း၊ ဒီဇင်ဘာ ၇
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လျင်မြန်စွာရရှိပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့် မြန်မာနိုင်ငံကြား အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများတိုက်ဖျက်ရေးကို ပိုမိုကောင်းမွန်ရန် ပူးပေါင်းဆောင်ရွက် သင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သော အောက်တိုဘာလနောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက မြို့အချို့သိမ်းယူမှုများရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ နှစ်နိုင်ငံစလုံးဟာ ကင်ဆာရောဂါလို အမြစ်တွယ်နေတဲ့ အွန်လိုင်းကတဆင့် လိမ်လည်နေတဲ့ဂိုဏ်းတွေနဲ့ လောင်ကစားဂိုဏ်းတွေကို ဖြိုခွင်းနိုင်အောင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ဥပဒေပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်တယ်။” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ဂိုဏ်းများတွင်ပါဝင်နေသည့် တရုတ်နိုင်ငံသား ၃၁,၀၀၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ ကြောင်း တရုတ်အစိုးရက ပြီးခဲ့သောလတွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်မီဒီယာများက မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် စင်တာပေါင်း ၁၀၀၀ သည် တစ်ရက်လျှင် လူပေါင်းတစ်သိန်းကျော်ခန့်ကို လိမ်လည်လျက်ရှိ နေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လျင်မြန်စွာရရှိမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်