နယူးယောက်၊ မတ် ၂၅
ကုလသမဂ္ဂသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိစေရန်အလို့ငှာ အာဆီယံနှင့် အခြားဒေသတွင်းရှိ လှုပ်ရှားဆောင်ရွက်သူများအပါအဝင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်သလို မြန်မာနိုင်ငံတွင်းမှာဆက်လက်ရပ်တည်ပြီး လုပ်ငန်းတာဝန်များ ဆက်လက်ထမ်းရွက်သွားဖို့ သန္နိဌာန်ချထားကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအတွင်းအခြေအနေများ ပိုမိုဆိုးရွားခြင်းနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာနေခြင်းတို့နှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးလမ်းကြောင်းတို့အတွက် ထပ်မံတောင်းဆိုကြောင်း အတွင်းရေး မှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟာ့ခ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခင်ကရှိနှင့်ပြီးသည့် ထိရှလွယ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကလည်း ပိုမိုဆိုးရွားလာနေကြောင်း၊ အတွင်းရေးမှူးချုပ်ဂူတာရက်စ်ကလည်း ဒေသတွင်း လူမျိုးရေးတင်းမာမှုများ ထပ်မံမဖြစ်ပေါ်စေရန် တားဆီးကြဖို့ကိုလည်း ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းထားကြောင်း ၎င်းကထပ်မံပြောဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများအား လက်ခံသည့်နိုင်ငံများနှင့် တာဝန်မျှဝေယူခြင်း၊ ဒေသတွင်း ဒုက္ခသည်များ အကာအကွယ်ပေးရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်းတို့အပါအဝင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စဉ်ဆက်မပြတ် အာရုံစိုက်ကြရန်အတွက် တောင်းဆိုကြောင်း ဖာရန်ဟာ့ခ်က ထပ်မံပြောဆိုသည်။
မြန်မာနိုင်ငံတွင်း စနစ်တကျ ခွဲခြားဆက်ဆံမှုများ၏ အခြေခံအကြောင်းရင်းများကို ကိုင်တွယ်ခြင်းနှင့် နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေခြင်းတို့သည် ထိုအကျပ်အတည်းကို ရေရှည်ဖြေရှင်းနိုင်မည့် အဓိကအချက်ဖြစ်ကြောင်း ဖာရန်ဟာ့ခ်က ထပ်မံပြောဆိုသည်။
ကောင်းထက်ငွေ
myanmar.un.org/en
မြန်မာနိုင်ငံတွင် ရေရှည်တည်တံသော ငြိမ်းချမ်းရေးရရှိစေရန် အာဆီယံနိုင်ငံများအပြင်ဒေသအတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကုလ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်