ရန်ကုန်၊ မတ် ၈
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူအရေအတွက် ၂ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာနေကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသား ၁၈ ဒသမ ၆ သန်းအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့စည်းဖြစ်သော(UNOCHA)၏ နောက်ဆုံးထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းသည် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပေါ် သက်ရောက်မှုဖြစ်လာခဲ့ပြီး ပဋိပက္ခများ၊ ပြည်တွင်းမလုံခြုံမှုများနှင့် အရပ်သားများ ရှင်သန်နေထိုင်ရန် ရုန်းကန်ရမှုများရှိလာခဲ့ကြောင်း UNOCHA အဖွဲ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံအနောက်မြောက်ဘက်၊ အရှေ့တောင်အရပ်ဒေသရှိမြို့များ၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံနေရာအများအပြားတွင် တိုက်ပွဲများဖြစ်လာခဲ့ရာ ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး၊ နေရပ်စွန့်ခွာနေရသူအရေအတွက် ၂ ဒသမ ၇ သန်းကျော်ရှိလာနေကြောင်း (UNOCHA)က ဆိုသည်။
ရှမ်းပြည်နယ်တွင် ဇန်နဝါရီလအတွင်း အပစ်ခတ်ရပ်စဲရေး ယူနိုင်ခြင်းကြောင့် တည်ငြိမ်နေသော်လည်း မြေမြှုပ်မိုင်းအန္တရာယ်၊ လက်နက်ကိုင်အဖွဲ့များ၏ စစ်သားအသစ်စုဆောင်းမှု၊တင်းမာမှုများအပြင်၊ ခရီးသွားခွင့် ကန့်သတ်ခြင်းများရှိနေကြောင်း၊ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ က ပြောသည်။
သို့သော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် အရပ်ဒေသများတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်နေသူများကို အကူညီများပေးနိုင်ရန် တားဆီးခံရမှုများဖြင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ကောင်းထက်ငွေ
nationthailand.com
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူအရေအတွက် ၂ ဒသမ ၇သန်းကျော်လာနေပြီး လူပေါင်း ၁၈ ဒသမ ၆သန်းအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်