မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် မြေမြှပ်မိုင်းနင်းမိ၍သေဆုံးသူ တစ်ထောင်ကျော်ခန့်ရှိလာ ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ မြန်မာနိုင်တစ်ဝှမ်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲစေတက်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှုမှာ တစ်နိုင်ငံလုံးအတိုင်အတာအရ ၁,၀၅၂ ဦးထိရှိကြောင်း OCHA ၏ ထုပ်ပြန်ချက်အရ သိရသည်။

ထိုအပြင် တစ်နိုင်ငံလုံးအတိုင်အတာအနေဖြင့် နေရပ်စွန့်ခွာသူဦးရေအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှာ ထိခိုက်သေဆုံးမှုအများဆုံး ၃၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

“ရှမ်းပြည်နယ် ၁၂ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး ၉ ရာနှုန်း များပြားခဲ့ပါတယ်။ ကလေးသူငယ်တွေဟာ စုစုပေါင်းထိခိုက်သေဆုံးနှုန်းရဲ့ လေးပုံတစ်ပုံ ၂၁ ရာခိုင်နုုန်းနီးပါးရှိပါတယ်။ ဒါဟာ မြေမြှပ်မိုင်းကြောင့် ထိခိုက်နစ်နာလွယ်သူတွေအပေါ် ဝန်နှင့်အားမမျှတတဲ့ သက်ရောက်မှုတွေရှိနေတယ်ဆိုတာ မီးမောင်းထိုးပြနေပါ။” ဟု OCHA ၏ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်တွင် မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့နမ္မတူမှာ တောထဲသွားရင်းနဲ့ မိုင်းထိမိတာများတာပေါ့။ စုစုပေါင်း ၁၀ ဦးလောက်တော့ရှိတယ်။ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး၊ ကလေးနှစ်ဦး။ ကျွန်တော်တို့ လက်လှမ်းမမှီတာတွေလည်း ရှိမှာပေါ့နော်။” ဟု မေတ္တာရှင် ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး နေပြည်တော်မှလွဲ၍ မြန်မာနိုင်ငံတစ်ဝန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြေမြှပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း အစီရင်ခံ စာများအရ သိရှိရသည်။

ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးထံ ဒီလိုလက်နက်အသုံးပြုမှုများကို ရပ်တန့်ဖို့၊ အထူးသဖြင့် အရပ်သားပြည်သူများနေထိုင်သည့်နေရာများတွင် မလုပ်ရန်ပန်ကြားပါသည်။ မြန်မာနိုင်ငံအတွက် အရှိန်အဟုန်နှင့် မျိုးဆက်ပေါင်းစုံ အကျပ်အတည်းဖြစ်ပွားလာနေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့ရန် ကူညီထောက်ပံ့မှုများ အပူတပြင်းလိုအပ်နေကြောင်း OCHA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- နမ္မတူမြို့မှ မေတ္တာရှင် ပရဟိတအသင်း (ပုံဟောင်း)

ယနေ့ခေတ်

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် မြေမြှပ်မိုင်းနင်းမိ၍သေဆုံးသူ တစ်ထောင်ကျော်ခန့်ရှိလာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.