မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေဆဲ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း သဘာဝဘေးနှင့် ပြည်တွင်းပဋိပက္ခများကြောင့် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ပထမ ၈ လပတ်အတွင်း (ဇန်နဝါရီလမှ ဩဂုတ်လအထိ) ဒေါ်လာဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီ ဝင်ရောက်တိုက်ခတ်မှု၊ ပြည်တွင်းပဋိပက္ခတို့၏ ဂယက်ရိုက်ခက်မှုဖြစ်သော ပြည်တွင်းကုန်စည်ရရှိမှု (Supply) နှင့် ကုန်စည်ပစ္စည်းများ ထောက်ပံ့စီးဆင်းမှုလုပ်ငန်းစဉ် ကသောင်းကနင်းဖြစ်မှုတို့ကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်နေဆဲပင်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငွေလဲလှယ်နှုန်းထား အပြောင်းအလဲ အဆမတန်မြန်ဆန်ခြင်း၊ အခြေခံထုတ်ကုန်များ ပြတ်လပ်မှုမြင့်မားလာခြင်း၊ လျှပ်စစ်မီတာခွန်များ တိုးမြှင့်ကောက်ခံခြင်းတို့ကိုအခြေခံပြီး ငွေကြေးဖောင်းပွမှုမှာ ယခုဘဏ္ဍာနှစ်အတွင်း နှစ်စဉ် ပျမ်းမျှသတ်မှတ်ချက်အရ ၂၆ ရာခိုင်နှုန်းခန့် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

“ပို့ကုန်ရော သွင်းကုန်ရောက သိသိသာသာလျော့ကျလာတယ်။ အဓိကပြောရရင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ပေါ့။ ငွေ‌ကုန်ကြေးကျကလည်း အရင်ထက်ပိုကုန်တာပေါ့။ ပြောရရင် အဆင်မပြေတာတွေက အများကြီးပဲ။” ဟု ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အစားအသောက်ဈေးနှုန်းဆိုင်ရာ အညွှန်းကိန်းအရ ကုန်ဈေးနှုန်းများမှာ ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေဒေသများတွင် အဆမတန်ကြီးမားနေသည်ကို သိသိသာသာတွေ့မြင်ရပြီး ပဋိပက္ခကြီးများဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အစားအသောက်နှင့် လောင်စာဆီဈေးနှုန်းများ နှစ်ဆကျော်ခန့်မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

#စုစု

ဓာတ်ပုံ – CJ

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.