မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်တွင် စုဆောင်းထားသည့် အရန်ဆန်အိတ်ရေရှစ်သိန်းရှိ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ပြည်တွင်း၌စုဆောင်းထားသည့်အရန်ဆန်အိတ်ရေ ရှစ်သိန်းအထိရှိကြောင်း မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ဆိုသည်။

အသင်းချုပ်အနေဖြင့် နိုင်ငံတော်အရန်ဆန်ကဲ့သို့ ပြည်ပဆန်တင်ပို့မှုမှ တစ်တန်လျှင်တစ်အိတ်နှုန်းဖြင့် စုဆောင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့မှာ နိုင်ငံတော်အရန်ဆန်ကဲ့သို့ ပို့ကုန်အခြေပြု အရန်ဆန်ဆိုတာရှိတယ်။ ပို့ကုန်အခြေပြုဆိုတာက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ပါဝင်မှုနဲ့ Export တစ်တန်ပို့တိုင်းပို့တိုင်းမှာ ဆန်တစ်အိတ်ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပါတယ်။ အိတ်ရေအားဖြင့်ပြောရရင်တော့ ရှစ်သိန်းဝန်းကျင်ရှိပါတယ်။” ဟု ဦးရဲမင်းအောင်က ဆိုသည်။

အဆိုပါအရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဖြန့်ဖြူးပါက အိတ်ရေသုံးသိန်းဝန်းကျင်ဖြင့် ဈေးကွက်ထိန်းလို့ရကြောင်း၊ အဆိုပါအရန်ဆန်ကို ဈေးကွက်အတွင်း ဆန်ဈေးနှုန်းကြီးမြင့်နေခြင်းနှင့် လိုအပ်ချက်ရှိသည့်ဒေသများသို့ ရောင်း‌ချပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရေနစ်မြုပ်မှုကြောင့် စပါးစိုက်ဧကအများအပြားဆုံးရှုံးခဲ့ပြီး လာမည့်နှစ်အတွက် စပါးအထွက်နှုန်းလျော့ကျနိုင်ပြီး ဆန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

“ ဆန်ပြတ်လပ်မှုက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီအပေါ်မှာလည်း ဂရုစိုက်ပြီးတော့ဆောင်ရွက်ပါတယ်။ ပြည်တွင်းဆန်ဈေးကြီးလာတယ်ဆိုရင် ပြည်တွင်းဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့အတွက် ပထမဦးစားပေးဖြစ်ပါတယ်။ ထိန်းဖို့ခက်ခဲတာက သိုလှောင်ဈေးကစားတဲ့သူတွေကိုပါ။ သိုလှောင်ဈေးကစားတဲ့သူတွေက ဈေးကွက်ထဲမှာအများကြီးပဲ။” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။

#စုစု

ဓာတ်ပုံ – MOI (မုံရွာမြို့မှ ပုဂ္ဂလိကဆန်ဂိုထောင်တစ်ခု)

#ယနေ့ခေတ်

မြန်မာနိုင်ငံဆန်းပါးအသင်းချုပ်တွင် စုဆောင်းထားသည့် အရန်ဆန်အိတ်ရေရှစ်သိန်းရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.