ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅
အမေရိကန်အစိုးရအနေဖြင့် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတလျောက်ရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို ကူညီများပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများကို ကူညီပေးနိုင်ရန် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတလျောက်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးစင်္ကြန်လမ်းများ တည်ဆောက်မည့် ထိုင်းနိုင်ငံ၏အစီအစဉ်ကို ထောက်ခံကြောင်းပြသခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နှင့် ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့်အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ ဆွေးနွေးမှုက အောင်မြင်ပါတယ်။ အမေရိကန်ဟာ ထိုင်းနိုင်ငံကို ဒေသအတွင်းမှာ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သတ်မှတ်ဆက်ဆံခဲ့သလို အာဆီယံအဖွဲ့အပေါ်မှာလည်း အလွန်စိတ်ဝင်စားတယ်ဆိုတာ ပြသခဲ့တယ်။ မြန်မာနိုင်ငံရေးအခြေနေတွေကို ဆွေးနွေးရာမှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမယ့် ထိုင်းအစိုးရအစီအစဉ်ကို သဘောတူလက်ခံခဲ့တယ်။ အမေရိကန်ဟာ ထိုင်းနိုင်ငံရဲ့အစီအစဉ်တွေကို ထောက်ခံအားပေးဖို့ အဆင့်သင့်ရှိနေတယ်ဆိုတာကို ဝန်ကြီးအန်တိုနီဘလီကန်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရေးအခြေနေတွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ နောက်ထပ်ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်သွားမယ်။” ဟု ပြောသည်။
ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတလျောက်ရှိ ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သတ်ပြီး စိုးရိမ်ရသောအခြေနေများကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ထည့်သွင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ကောင်းထက်ငွေ
bangkokpost.com
မြန်မာနယ်စပ်ဒေသတလျောက်ရှိ နေရပ်စွန့်ခွာသူများကို အကူအညီပေးမည့်အစီအစဉ် အမေရိကန်ထောက်ပံ့မည်ဟု ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်