မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ခန်း ထပ်မံလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် သတင်းထုတ်ပြန်

ဘေဂျင်း၊ ဧပြီ ၁၈

တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်ဖြင့်ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းကို ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဦးဆောင်လုပ်ဆောင်မည်ဖြစ်ပြီး၊ ကြည်းတပ်နှင့်လေတပ်တို့ပူးပေါင်းပြီး ကျည်အစစ်ဖြင့်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က “ ဒီစစ်ရေးလေ့ကျင့်ခန်းဟာ တရုတ်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်၊ ထောက်လှမ်းရေးနဲ့ ကင်းထောက်မှုပိုင်းစွမ်းရည်၊ ကြိုတင်သတိပေးမှုပိုင်း အခြေနေတွေကို စမ်းသပ်တာမျိုးဖြစ်ပါတယ်။ တရုတ်စစ်သားတွေကို အရေးအပေါ်အခြေနေအမျိုးမျိုးကို တုံ့ပြန်နိုင်အောင် ပြင်ဆင်တာမျိုးလည်းဖြစ်ပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ဘေးကင်းစေဖို့၊ နယ်စပ်ဒေသတည်ငြိမ်စေဖို့နဲ့ နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှု ဘေးကင်းစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောနှစ်၊ အောက်တိုဘာလက တိုက်ပွဲများစတင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ရာ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းက သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်ထိစပ်နေသော တရုတ်နိုင်ငံနယ်စပ်ဒေသတ လျှောက်တွင် ဧပြီ ၁၇ ရက်နေ့မှစတင်ပြီး စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်။

PLA Daily က မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများသည် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံစေရန်နှင့် ကာကွယ်ပေးနိုင်ရန်အတွက် လိုအပ်သောအစီမံများအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ရေးသားဖော်ပြခဲ့ဖူးသည်။ ထိုအပြင် မြန်မာနိုင်ငံတွင်ဖြစ် ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုများမှတဆင့် အခက်ခဲပြသာနာများကို ဖြေရှင်းရန်နှင့် သည်းခံချုပ်တည်းရန် သက်ဆိုင်ရာအဖွဲ့စည်းများ အားလုံးကို တ ရုတ်စစ်တပ်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

cgtn.com/news

မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ခန်း ထပ်မံလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.