ဘေဂျင်း၊ ဧပြီ ၁
တရုတ်စစ်တပ်သည် မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် ကျည်အစစ်ဖြင့်ပစ်ခတ်မည့် စစ်ရေးလေ့ကျင့်ခန်းများကို ဧပြီ ၂ ရက်နှင့် ဧပြီ ၃ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တရုတ်စစ်တပ်သည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဧပြီ ၂ ရက်၊ နံနက် ၈ နာရီမှ ဧပြီ ၃ ရက်၊ ည ၆နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယူနန်ပြည်နယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ဧပြီ ၂ ရက်နေ့တွင်စတင်မည့် စစ်ရေးလေ့ကျင့်ခန်းနှင့်ပတ်သက်ပြီး လူများ၊ ယာဉ်များကို စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့်နေရာဝန်းကျင်နားကို မလာရောက်စေရန် တင်းကြပ်သောအစီမံများထုတ်ပြန်ထားသလို လေယာဉ်ပျံသန်းခြင်းများ မလုပ်ဆောင်ရန်လည်း သတိပေးထားကြောင်း သိရသည်။
ထိုအပြင် သတင်းအချက်လက်များ စုဆောင်းရယူခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းများကိုလည်း တားမြစ်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ၂၂၀၄ ကီလိုမီတာ ထိစပ်နေပြီး ပြီးခဲ့သောနှစ်ကလည်း တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ဖူးသည်။
တရုတ်စစ်တပ်သည် နှစ်ရက်ကြာပြုလုပ်မည့် စစ်ရေးလေ့ကျင့်ခန်းကို Yingjiang ကောင်တီနှင့် Luanchuan ကောင်တီတို့တွင် အဓိကထားလုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါကောင် တီနှစ်ခုရှိ နေရာငါးခုတွင်ပြုလုပ်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နီးစပ်သောနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဝေဖန်ပြစ်တင်ခြင်းများ မလုပ်ဆောင်ဘဲ နစကအစိုးရနှင့် ပုံမှန်ဆက်ဆံရေးနှင့် ကုန်သွယ်ရေးများဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
sputnikglobe.com
မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်