ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားတစ်ဦး၏အိမ်ကို ဝင်ရောက်ပြီး အနုကြမ်းစီးသတ်ဖြတ်ကာ ထိုင်းဘတ်ငွေ ၅ သန်းကျော် ဓါးပြတိုက်ရယူခဲ့သော စကော့တလန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏မိခင်ဖြစ်သူက စကော့တလန်နိုင်ငံသားနှစ်ဦးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဘန်ကောက်မြို့ Sukhumvit Soi 4 အရပ်ဒေသရှိ သားဖြစ်သူ၏တိုက်ခန်းကို လာရောက်ပြီး အနုကြမ်းစီးလုယက်ကာ သားဖြစ်သူကို သတ်သွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကို ပြောဆိုထားသည်။
အသတ်ခံရသော မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ မိခင်ဖြစ်သူက သားဖြစ်သူနှင့် စကော့တလန်နိုင်ငံသားနှစ်ဦးသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပြီး အပြန်အ လှန်ငွေပေးငွေယူများရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စကော့တလန်နိုင်ငံသားနှစ်ဦးသည် သားဖြစ်သူနေထိုင်နေသည့် ဘန်ကောက်မြို့၊ အထပ် ၂၃ ထပ်ရှိတိုက်ခန်းကို လာရောက်ခဲ့ပြီး တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
စကော့တလန်နိုင်ငံသားနှစ်ဦးက သားဖြစ်သူကို တိုက်ခိုက်နေချိန်အတွင်း သူမသည်သတိလစ်နေခဲ့ကြောင်း၊ အသတ်ခံရသော မြန်မာနိုင်ငံသား၏မိခင်ဖြစ်သူက ထွက်ဆိုထားသည်။သူမသတိပြန်ရချိန်တွင် သားဖြစ်သူကို တိုက်ခန်းအတွင်းရှိ သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့မြင်ခဲ့ရကြောင်း တိုက်ခန်းအတွင်းရှိ ထိုင်းဘတ် ၅ သန်းကျော်လည်း ပျောက်ဆုံးနေခဲ့ကြောင်း အသတ်ခံရသော မြန်မာနိုင်ငံသား၏မိခင်ဖြစ်သူက ပြောသည်။
ဘန်ကောက်မြို့ရှိ လန်ပီနီ ရဲစခန်းသည် လူသတ်မှုဖြစ်ပွားခဲ့ရာ တိုက်ခန်း CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး လူသတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံရသော စကော့တလန်နိုင်ငံ သားနှစ်ဦးကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
thaipbsworld.com
မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို အနုကြမ်းစီးသတ်ဖြတ်ခဲ့သော စကော့တလန်နိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းရှာဖွေနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်