ရန်ကုန်၊ နိုဝင်ဘာ ၃
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်၊ နံနက်အစောပိုင်းက မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၄၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဖမ်းဆီးခံရသူတစ်ဦး နှင့် ဆွေမျိုးတော်စပ်သူက ယနေ့ခေတ်သို့ ပြောသည်။
“ ဒီဘက်မှာ နေထိုင်လို့မရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရလို့ အိန္ဒိယဘက် ခဏပြေးရှောင်တာပါ။ ကျွန်တော်တို့က ဖမ်းဆီးခံရသူတွေနဲ့ ဆွေမျိုးတော်စပ်ပါတယ်။ စစ်ဘေး တိမ်းရှောင်တဲ့အထဲ ကျွန်တော်တို့လည်းပါတယ်။ အခုလောလောဆယ် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အိန္ဒိယအာဏာပိုင်တွေက ပြန်လွှတ်ပေးပါတယ်။ ကျွန်တော်တို့က ဖမ်းဆီးမခံလိုက်ရဘူး။ ပြေးရင်းလွတ်သွားတာပါ။” ဟု ဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မြန်မာစစ်ဘေးရှောင် ဖမ်းဆီးခံရသူ ၄၀ ကျော်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အိန္ဒိယနိုင်ငံအာဏာပိုင်များက ပြန်လွှတ်ပေးခဲ့ပြီး အချို့ကို အိန္ဒိယအကျဉ်း ထောင်သို့ ပို့ဆောင်ထားကြောင်း India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ မြန်မာစစ်ဘေးရှောင် ၄၄ ဦး ဖမ်းဆီးခံရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၁၂ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ၁၀ ဦးကတော့ ထောင်ကိုပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။” ဟု India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဖမ်းဆီးခံရသည့် မြန်မာစစ်ဘေးရှောင်များသည် မိုးရေးမြို့အနီးတွင် နေထိုင်သူများနှင့် စျေးလာရောင်းသူများဖြစ်ကြောင်း India Press ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိ အိန္ဒိယအစိုးရ၏ ဇီဝအချက်အလက် ကောက်ယူမှုများအရ မိုးရေးမြို့အနီးတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ခန့် လာရောက်ခိုလှုံနေကြောင်း India Press ၌ဖော်ပြထားသည်။
မြန်မာစစ်ဘေးရှောင် ၄၀ ကျော် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်