ဧရာဝတီ ၊ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာ၊ ပင်လယ်ကမ်းစပ် မော်တင်အငူ၌ တည်ထားသော သမိုင်ဝင် မြတ်မော်တင်စွန်းစေတီတော်ကြီး ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ၁၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
မြတ်မော်တင်စွန်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့အထိနှင့် မတ်လ ၁၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကို စနစ်တကျကျင်းပနိုင်ရန်အတွက် ဘုရားရင်ပြင်တော်ရှင်းလင်းခြင်း၊ ရေတွင်း၊ ရေကန်များရှင်းလင်းခြင်း၊ ဘုရားမုခ်ဦးရှင်းလင်းခြင်း၊ မြတ်မော်တင်စွန်းစေတီတော်ကြီးနှင့် အရံစေတီများ၊ ဖာင်တော်ဦးစေတီများကို ပိုမိုတင်တယ်သပ္ပာယ်အောင် ရောင်တော်ဖွင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခြင်းများကို ရှေးမူမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိတစ်ဦးက ပြောသည်။

“ ဘုရားပွဲကို ၁၅ ရက်ကျင်းပြဖို့ ပြင်ဆင်နေတယ်။ မြတ်မော်တင်စွန်းစေတီက အားလုံးသိတဲ့အတိုင်း သမိုင်းဝင်စေတီတစ်ဆူပါ။ ဘုရားပွဲဆိုလည်း အရမ်းစည်ကားပါတယ်။ ခေတ် ကာလမကောင်းတဲ့အခါကျတော့ ပြဿနာတစ်ခုခုတတ်မှာ စိုးရိမ်တယ်။ ဒါပေမယ့် ဘာသာရေးပွဲဖြစ်လို့ အေးအေးချမ်းချမ်းပဲ ကျင်းပနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ဘယ်သူမှလည်း အဖျက်အမှောက်လုပ်ရပ်တွေကို လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ သက်ဆိုင်ရာကတော့ လိုအပ်တဲ့လုပ်ခြုံရေးလုပ်ငန်းတွေကို လုပ်ပေးမယ်လို့ပြောထားတယ်။” ဟု အထက်ပါပုဂ္ဂုလ်က ဆက်ပြောသည်။
အဆိုပါ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်အထိရှိလာပြီဖြစ်ပြီး၊ နိုင်ငံရေးအပြောင်းအလဲများမဖြစ်ခင်အချိန်က ဘုရားပွဲတော်ကို အချိန်တစ်လကြာအထိ ကျင်းပခဲ့သည်ဟု ဒေသခံဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဒီဘုရားပွဲက ဧရာဝတီတိုင်းမှာ အစည်းအကားဆုံးပဲ။ လူတွေလည်း အရမ်းလာတာ။ အခု နိုင်ငံရေးကမကောင်းတာကြောင့် ဘုရားပွဲမှာ သွေးထွက်သံယိုတွေ ဖြစ်လာမှာစိုးရိမ် တယ်။ အခုလိုအချိန်မှာ ကျင်းပမှာဖြစ်လို့ သက်ဆိုင်ရာက စနစ်တကျပြင်ဆင်မဆောင်ရွက်နိုင်မှာ စိုးရိမ်တယ်။ လုံခြုံရေးတွေကို အများအပြား ချထားမယ်လို့တော့ကြားတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်ကြီးသည် ပင်လယ်ကမ်းစပ်အနားတွင် မြတ်စ္စွာဘုရား ဆံတော်အစစ်ဌာပနာထည့်ပြီး နဂါးမင်းကတည်ထားခဲ့သည်ဟု သမိုင်းရှိခဲ့ခြင်းကြောင့် ဘုရားပွဲကျင်းပသည့်နှစ်တိုင်း ဘုရားပွဲကျင်းပနေစဉ်အချိန်တွင် နဂါးများက စေတီတော်ကိုလာရောက်ဖူးမျှော်သည်ဟု ယုံကြည်နေကြကြောင်း ဒေသခံများက ဆိုသည်။
ခန့်ခန့်
ယနေ့ခေတ်
ဓါတ်ပုံ – သူရ
မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ၁၅ ရက်ခန့်ကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်