ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက်
မြစ်ကြီးနား၌ ဖုန်းအားသွင်းရင်း အပူလွန်ပေါက်ကွဲသွားသဖြင့် လူသုံးဦးဒဏ်ရာရရှိသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်၊ ည ၈ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဖုန်းအားသွင်းထားစဥ် အပူလွန်ပြီး ပေါက်ကွဲသွားသဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ရောက်သွားတော့ အမျိုးသားတစ်ဦးက မျက်နှာနဲ့ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေရထားတာ တွေ့တယ်။ သူက ဖုန်းအားသွင်းထားရင်း ဖုန်းအနားမှာရှိတယ်လို့ သိ ရတယ်။ သူ့သမီးနှစ်ယောက်က ဖုန်းကထပေါက်ကွဲပြီး မီးလောင်နေလို့ စောင်နဲ့အုပ်ပြီး မီးငြှိမ်းရင်း မျက်နှာနဲ့ လက်တွေမှာ မီးလောင်ဒဏ်ရာတွေရထားတယ်။ သူတို့နှစ်ယောက်က မစိုးရိမ်ရဘူး။ သူတို့အဖေကတော့ ဒဏ်ရာတွေများတယ်။” ဟု သွားရောက်ကူညီသည့် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
ဖုန်းပေါက်ကွဲသဖြင့် ပြင်းထန်ဒဏ်ရာရှိသူ ဦးမင်းဦး၊ အသက် ၄၂ နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတို့ကို မလိဇွပ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဦးမင်းဦးမှာ မီးလောင်ဒဏ်ရာများ ပြင်းထန်သဖြင့် မြစ်ကြီးနားဆေးရုံသို့ ပြောင်းလဲပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရိန်
ဓါတ်ပုံ – cj
ယနေ့ခေတ်
မြစ်ကြီးနား၌ ဖုန်းအားသွင်းရင်း ပေါက်ကွဲသွား၍ လူသုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်