မြစ်ကြီးနား၊ ဧပြီ ၁၇
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်၊ ကြက်ခြေနီခြံအနီးတွင် ဧပြီ ၁၅ ရက်၊ နံနက် ၇ နာရီက အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ ဒေသခံ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာ အသက် ၄၀ ခန့်ရှိတဲ့ အမျိုးသားတစ်ဦးက အသက်မရှိတော့ပါဘူး။ ဘယ်ချိန်ကတည်းက သေဆုံးနေလဲမသိဘူး။ လူတစ်ကိုယ်လုံး တောင့်နေတယ်။” ဟု ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ သေဆုံးသူအမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာမရှိသော်လည်း ပါးစပ်မှသွေးများထွက်ကျနေခြင်းကို တွေ့ရှိခဲ့ရကြောင်း ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ခဲ့ပြီး သေဆုံးသူမိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း ကာယကံရှင်မိသားစုဝင်များအနေဖြင့် မြစ်ကြီးနားဆေးရုံကြီးကို ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း
မြစ်ကြီးနားတွင် အသက် ၄၀ ခန့်ရှိ အမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်