မြင်းခြံ၌ လင်မယားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ ယမန်နေ့က နေအိမ်အတွင်းရှိ လင်မယားနှစ်ဦးအား အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်က မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာ၌နေထိုင်သော လင်မယားနှစ်ဦးမှာ သမီးဖြစ်သူနှင့်အတူ နေအိမ်တွင်ရှိနေစဉ် အမည်မသိအမျိုးသားသုံးဦး ရောက်ရှိပြီး နေအိမ်ရှေ့သို့ခေါ်ဆောင်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ သူတို့လင်မယားနှစ်ယောက်က အိမ်မှာရှိနေတုန်း အဲ့ဒီအမျိုးသားသုံးဦး ရောက်လာပြီးတော့ လမ်းပေါ်ကိုဆွဲခေါ်ပြီး သေနတ်နဲ့ပစ်သွားတာ။ ရွှေထည်အချို့နဲ့ ငွေသားတွေလည်း ယူသွားတယ်လို့တော့ကြားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများက သေဆုံးသူများ၏ ဆိုင်ကယ်နှစ်စီး၊ ရွှေ ၁၅ ကျပ်သားနှင့် ငွေကျပ်သိန်း ၂၀၀ တို့ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောကြားသော်လည်း ရွှေနှင့် ငွေသားများ ယူဆောင်သွားမှုအပေါ် ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ပစ်ခတ်ခံ၍ အမျိုးသားတွင် နားထင်နှင့်လည်ပင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာများ၊ အမျိုးသမီးတွင် လည်ပင်းကျည်ဖောက်ဝင် ဒဏ်ရာတို့ရရှိကာ နေရာမှာပင်သေဆုံးခဲ့၍ ရုပ်အ လောင်းများကို မြင်းခြံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်တို့တွင် ပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေကာ ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုလအထိ ထိုဒေသများတွင် ပစ်ခတ်ခံ၍သေဆုံးသူ အရပ်သား ၃၀ ဦးထက်မနည်းရှိကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြင်းခြံ၌ လင်မယားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.