ရန်ကုန်၊ ဇန်နဝါရီ ၂၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ ယမန်နေ့က သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့်သေဆုံးနေသူ အမျိုးသားငါးဦး၏အလောင်းအား တွေ့ရကြောင်း ဒေသခံများထံမှ သိရ သည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာအနီး မြင်းခြံ-မကျီးသမျှားကျေးရွာသွား ကားလမ်းဘေး၌ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားငါးဦး၏ အလောင်းများအား တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
“ သေဆုံးသူငါးဦးစလုံးက လူငယ်အရွယ်တွေချည်းပဲ။ ဒဏ်ရာတွေကလည်း အတူတူပဲ။ ဦးခေါင်းရဲ့အနောက်ကို သေနတ်နဲ့ပစ်သွားတဲ့ ပုံစံမျိုးပဲ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
သေဆုံးသူအမျိုးသားငါးဦးမှာ ခန့်မှန်းအသက် ၂၀ နှင့် ၃၀ ကြားအရွယ်ရှိ လူငယ်များဖြစ်ကြောင်း သိရသည်။ သေဆုံးသူများမှာ အဆိုပါကျေးရွာနှင့် အနီးတဝိုက်ရှိကျေးရွာများတွင် နေထိုင်ကြသူများမဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။
“ သူတို့က ရွာခံတွေတော့မဟုတ်ဘူး။ ဘယ်ကလာတဲ့သူတွေ ဆိုတာလည်း မသိရဘူး။ ဒီတိုင်းပဲ အလောင်းတွေ့ရတာ။ တခြားမှာပစ်ခတ်ပြီး အလောင်းလာစွန့်သွားတာလည်း ဖြစ်နိုင်တယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သေဆုံးသူများမှာ မည်သူမှန်းမသိရဘဲ ၎င်းတို့အား မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုလည်း မသိရကြောင်း ဒေသခံများက ပြောကြားသည်။ လက်ရှိတွင် အလောင်းများအား မြင်းခြံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်ကလည်း မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံသုံးဦးတို့ ပစ်ခတ်ခံရပြီး၊ ကျေးရွာအနီး၌ အလောင်းစွန့်ပစ်ထားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းရှိ မြင်းခြံမြို့နယ်အပါအဝင် နွားထိုးကြီး၊ စဉ့်ကူ၊ တံတားဦးနှင့် မတ္တရာမြို့နယ်များ၌ ပစ်ခတ်သတ်ဖြတ်မှုများ ခပ်စိပ်စိပ်ဖြစ်လျက်ရှိကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုရက်ပိုင်းအထိ ထိုဒေသများမှ အမျိုးသား၊ အမျိုးသမီး သုံးဆယ်ဦးထက်မနည်း ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ – စီဂျေ
မြင်းခြံ၌ ပစ်ခတ်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသူငါးဦး တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်