ရန်ကုန်၊ စက်တင်ဘာ ၂၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာတွင် ယမန်နေ့က နေအိမ်တွင်ထိုင်၍စကားပြောနေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား လူတစ်စုက သေနတ်ဖြင့်ပစ်ခတ် ခဲ့၍ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ပျိုးကန်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အသက် ၅၄ နှစ်အရွယ် အိမ်ရှင်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီး အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ အိမ် တွင်ရှိနေစဉ်၊ တစ်ရွာတည်းနေ ခမည်းခမက်တော်စပ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အိမ်နီးချင်းဖြစ်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ရောက်ရှိလာ ကာ နေအိမ်တွင်ထိုင်၍ စကားပြောဆိုကြစဉ် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားကြကြောင်း သိရသည်။
“ ပစ်တဲ့သူတွေက ရွာအရှေ့ဘက်ကနေ ဆိုင်ကယ်နဲ့လာပြီး သူတို့အိမ်ရှေ့လည်းရောက်ရော အိမ်ထဲထိဝင်လာပြီး သေနတ်နဲ့ပစ်တာ။ လေးဦးစလုံး နေရာမှာတင်ပွဲချင်းပြီးပဲ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသူ လေးဦးစလုံး၏ ဦးခေါင်းနောက်စေ့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ကာ ၎င်းတို့အနီးမှ M-22 ကျည်ခွံ ၆ ခုကိုတွေ့ရှိရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သေဆုံးသူလေးဦး၏ ရုပ်အလောင်းအား မြင်းခြံဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောကြား သည်။
ယခုလအတွင်း၌ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် ပစ်ခတ်ခံရ၍သေဆုံးသူ ၂၀ ဦးထက်မနည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
မြင်းခြံရှိ ပျိုးကန်ရွာတွင် နေအိမ်၌စကားပြောနေသူ ဒေသခံလေးဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်