တက်ခ်၊ မတ် ၁၉
မဲဆောက်ခရိုင် အကောက်ခွန်ရုံး ရပ်နားရာနေရာ၌ သိမ်းဆည်းထားသော မြန်မာနိုင်ငံသို့တင်ပို့ရန် ရည်ရွယ်ထားသည့် ကားအစီးရေ ၂၀၀ ခန့် အင်္ဂါနေ့ညက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အကောက်ခွန်ရုံးကားပါကင်တွင် ကားအစီးရေ ၈၀၀ ခန့်ရှိပြီး၊ မီးသတ်ကားအစီး ၂၀ ခန့်နှင့် မီးငြှိမ်းသတ်ခဲ့ရာ သုံးနာရီခန့် အချိန်ယူခဲ့ရသည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေပြီး၊ အကောက်ခွန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Phantong Loykulnanta က “တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ ခြံဝင်းအတွင်း သိမ်းဆည်းထားတဲ့ မော်တော်ကားတွေကို မီးလောင်တာကတော့ မကြုံစဖူးပါဘဲ” ဟု ပြောကြားသည်။
မီးလောင်ပျက်စီးသွားသည့် မော်တော်ယာဉ်များသည် ဆိုင်းငံ့ထားဆဲ သို့မဟုတ် တရားဥပဒေဆိုင်ရာအမှုများမှ အမိန့်ချပြီးသည့် မော်တော်ယာဉ်များဖြစ်ပြီး၊ ဟောင်းနွမ်းပျက်စီးနေသည့်ကားများဖြစ်ကြောင်း၊ ဇိမ်ခံကားများမပါဝင်ကြောင်း သိရသည်။
သိမ်းဆည်းရမိထားသည့် မော်တော်ယာဉ်များသည် မူလက ဂျပန်နိုင်ငံမှတင်သွင်းပြီး မြန်မာနိုင်ငံသို့တင်ပို့မည့် အစီအစဉ်အရ ရောက်ရှိနေခြင်းဖြစ်ကြောင်း မဲဆောက် အကောက်ခွန်အရာရှိတစ်ဦးက ပြောသည်။
Ref: Bangkok Post
ဓာတ်ပုံ- #ယနေ့ခေတ်/ Bangkok Post
#ယနေ့ခေတ်
မဲဆောက် အကောက်ခွန်ဝင်းအတွင်း မြန်မာနိုင်ငံသို့တင်ပို့မည့် မော်တော်ကားအစီး ၂၀၀ မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်