မဲဆောက်သို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်လေ့လာစုံစမ်းမည်

ဘန်ကောက်၊ ဧပြီ ၂၂

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်သည် ထိုင်းနှင့်မြန်မာနိုင်ငံကြား နယ်စပ်ဒေသအခြေနေများကို စုံစမ်းစစ်ဆေးရန်အတွက် ဧပြီ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အနီးတွင် ပြီးခဲ့သောရက်ပိုင်းက နစကတပ်နှင့် ကရင်လက်ကိုင်အဖွဲ့ကြား တိုက်ပွဲများအရှိန်မြင့်ဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာလာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာလာခဲ့သော မြန်မာနိုင်ငံသားအရေအတွက် အနည်းဆုံး ၁၅၀၀ ကျော်ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်လာခဲ့ခြင်းကို စိုးရိမ်မိကြောင်း ဧပြီ ၂၁ ရက်နေ့တွင် ၎င်း၏လူမူကွန် ရက်မှာရေးသားဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ်က “ ထိုင်းနဲ့ မြန်မာချစ်ကြည်ရေးတံတားရဲ့ မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေပိုမိုဖြစ်လာနေတယ်။ ထိုင်းနိုင်ငံနဲ့နီးကပ်တဲ့နေရာမှာ ဖြစ်နေတာပါ။ မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေက ထိုင်းနိုင်ငံပိုင်နက်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို သက်ရောက်လာမှာ စိုးရိမ်မိတယ်။ လက်ရှိအချိန်မှာ ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသမှာနေထိုင်နေတဲ့ ထိုင်းညီအကိုမောင်နှမအားလုံး ဘေးကင်းစေဖို့ ကာကွယ်နိုင်အောင် အဆင့်သင့်လုပ်ဆောင်ထားတယ်။” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ်က ၎င်းအနေဖြင့် ထိုင်းအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးလုပ်ဆောင်ခဲ့ပြီးနောက် ဧပြီ ၂၃ ရက်နေ့တွင် မဲဆောက်မြို့ကို သွားရောက်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတွင်ရှိနေသည့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ အားတက်စေရန်နှင့် အခြေနေအားလုံးကိုသိရှိနိုင်ရန် သွားရောက်လေ့လာမည်ဖြစ်ကြောင်း ထပ်မံပြောဆိုထားသည်။

ထိုင်းဝန်ကြီးချုပ်က ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး အခြေနေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးကို ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

tnnthailand.com/news

မဲဆောက်သို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်လေ့လာစုံစမ်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.