မော်လမြိုင်၊ ဧပြီ ၁၁
မော်လမြိုင်-ရန်ကုန် အမှတ် ၆၈၆ အစုန် ကျောက်ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးရခြင်းကြောင့် ဧပြီ ၁၁ ရက်၊ နံနက်ပိုင်းက ခရီးစဉ်များအား ယာယီရပ်နားလိုက်ကြောင်း မော်လ မြိုင်ဘူတာကြီးက ခရီးသွားမိဘပြည်သူများအား အသိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“ မနေ့က နံနက်ပိုင်းမှာ မော်လမြိုင်-ရန်ကုန် အစုန်ကျောက်ရထားလမ်းပိုင်းကို မိုင်းခွဲဖျက်ဆီးခံရတယ်။ အမှတ် ၆၈၆ အစုန် ကျောက်ရထား သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားအရောက်မှာ မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်းနှင့်တွဲများ ပျက်ဆီးခဲ့ပြီး လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်-၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်၊ ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ်-၈၁ အဆန် ရန်ကုန်-မော်လမြိုင်ရထားနှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထားခရီးစဥ်များအား ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရထားလမ်းပိုင်းများ အမြန်ဆုံးပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ခရီးသွားမိဘပြည်သူများအား အသိပေးစာထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိ ရထားလက်မှတ်များ ကြိုတင်ဝယ်ယူထားသူများ၏ လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – CJ
မော်လမြိုင်-ရန်ကုန် အမှတ် ၆၈၆ အစုန်ကျောက်ရထားလမ်းပိုင်း မိုင်းခွဲခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်