ပုသိမ်၊ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ် ယာဉ်စီးခနှုန်းများ ယခင်ထက် နှစ်ဆအထိမြင့်တက်လာကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များအနေဖြင့် ယခင်က လူတစ်ဦးလျှင်ယာဉ်စီးခ ငွေကျပ် ၅၀၀၀ မှ ၆၀၀၀ အထိရှိခဲ့သော်လည်း ယခုအခါ လူတစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ အထိမြင့်တက်လာကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
“ ကားဈေးတွေက အရင်ကလူတစ်ယောက်ကို ငွေကျပ် ၅၀၀၀ ဈေးတက်လည်း ၆၀၀၀ သာရှိခဲ့တာပါ။ အခုတော့ ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိတက်လာတယ်။ ရန်ကုန်ကိုအသွားအပြန် ၂၄,၀၀၀ ရှိမှသွားရလို့ရတော့တယ်။ အရင်က ရန်ကုန်က ကုန်ခြောက်ပစ္စည်းတွေကို သွားဝယ်ပြီး ဒီဘက်မှာပြန်ရောင်းတာ။ အခုကားခဈေးနဲ့မကိုက်လို့ အလုပ်ရပ်ထားရ တယ်။” ဟု ၎င်းကဆက်ပြောသည်။
ထိုသို့ အဝေးပြေးမော်တော်ယာဉ်စီးခနှုန်းထားများ ထက်ဝက်ခန့်မြင့်တက်လာခြင်းသည် လူလိုက်ပါစီးနင်းမှုနည်းပြီး စက်သုံးဆီဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ဆိုသည်။
“ ဒီကနေ ရန်ကုန်ကို အရင်ကအသွားအပြန်နှစ်ကြောင်းကို ဆီဘယ်လောက်မှမကုန်ပါဘူး။ လက်ရှိတော့ နှစ်သိန်းကျော်ဖိုးလောက်ကုန်နေတယ်။ ဒါ့ကြောင့် ယာဉ်စီးခဈေးနှုန်းက လည်း ပြောင်းလဲလာတာပေါ့။ တစ်ရက်ထက်တစ်ရက် ခရီးသွားတွေကလည်းလျော့ကျတယ်။ ခေတ်ကာလကောင်းတုန်းကလို မသွားကြတော့ဘူး။ အခုတော့အတော့်ကို ခရီးသွားကလျာ့ကျနေတာ။” ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲနေသူတစ်ဦးက ပြောသည်။
မော်လမြိုင်ကျွန်းမြို့မှ ကျိုက်ပိ၊ ရွှေတောင်မှော်၊ ရေလဲ၊ လှိုင်းတာ၊ ပန်းပင်စု၊ ဆားမလောက်၊ မအူပင်၊ ငါးကြီးဂရက် စသည့်ဒေသများကိုကျော်ဖြတ်ပြီး ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်အစီးရေ ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ – ခန့်ခန့်
ယနေ့ခေတ်
မော်လမြိုင်ကျွန်းမြို့မှ ရန်ကုန်သို့ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်များ ယာဉ်စီးခနှစ်ဆတက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်