မော်ရိုကို နိုင်ငံတွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၃ သန်းနီးပါး ဆိုးကျိုးများ ရင်ဆိုင်နေရ ဟုဆို

မော်ရိုကိုနိုင်ငံတွင် စင်တင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံးလူပေါင်း ၂ ဒသမ ၈ သန်း ဘေးဒုက္ခများ ရင်ဆိုင်နေရကြောင်း မော်ရိုကို ဘဏ္ဍာရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုလိုက်သည်။

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၉၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံး၊ ထိခိုက်ပျက်စီးမှုအများ ဆုံးက တောတောင်ဧရိယာများနှင့် နီးစပ်သောရွာများတွင် နေထိုင်နေသူများဖြစ်ကြောင်း သိရသည်။

အင်အားပြင်း ငလျင်ကြောင့် မော်ရိုကိုနိုင်ငံတွင် ကျေးရွာပေါင်း ၂၉၃၀ နှင့် အိမ်ပေါင်း ၅၉,၆၇၄ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု မော်ရိုကို ဘဏ္ဍာရေးဝန်ကြီး Faouzi Lekjaa က ပြောသည်။

မော်ရိုကိုအစိုးရအနေဖြင့် ငလျင်ဒဏ်ကို တွေ့ကြုံခဲ့ရသော အိမ်ထောင်စုများကို တစ်နှစ်ကြာ ကူညီထောက်ပံ့ပေးမည်ဖြစ်ကာ တစ်လကို အမေရိကန်ဒေါ်လာ ၂၄၄ ဒေါ်လာ ထောက် ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ငလျင်ကြောင့် အိုးအိမ်ပျက်စီးခဲ့သူများကိုလည်း လျော်ကြေးများပေးသွားမည်ဖြစ်ပြီး အိုးအိမ်ပျက်စီးနှင့် ပတ်သက်ပြီး လျော်ကြေးပေးရာတွင် အိမ်အလုံးစုံ ပျက်စီးသွား သော မိသားစုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော မိသားစုများကြား ရရှိမည့်လျော်ကြေး တူညီမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

စက်တင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်သည် မော်ရိုကိုနိုင်ငံကို ၁၉၆၀ ခုနှစ်နောက်ပိုင်း လှုပ်ခတ်ခဲ့သော ငလျင်များထဲတွင် အင်အားအပြင်းဆုံးဖြစ်ကြောင်း သိရသည်။

မော်ရိုကိုဘုရင့်နန်းတော်သည် ငလျင်ကြောင့် ပျက်စီးခဲ့ရသော အဆောက်ဦးများကို ပြန်လည်တည်ဆောက်ရန်အတွက် လာမည့်ငါးနှစ်အတွင်း မော်ရိုကိုနိုင်ငံသုံး ငွေကြေး dirhams ၁၂၀ ဘီလျံအထိ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး မော်ရိုကိုနိုင်ငံကို ကမ္ဘာနိုင်ငံများက လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ပံ့ပိုးကူညီပေးရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

မော်ရိုကို နိုင်ငံတွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၃ သန်းနီးပါး ဆိုးကျိုးများ ရင်ဆိုင်နေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.