မော်တင်စွန်းစေတီအနီး ကမ်းခြေ၌ လင်းပိုင် ၁၅ ကောင် ပိုက်ဖြင့်မိငြိပြီး ကမ်းပေါ်ပါလာ

ပုသိမ်၊ မတ်လ ၁၃

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်တင်စွန်းစေတီနှင့် ကြာကန်ကျေးရွာအနီး ငွေတောင်ကမ်းခြေ၌ မတ်လ ၁၂ ရက်က လင်းပိုင် ၁၅ ကောင်ပိုက်ဖြင့်မိပြီး ကမ်းပေါ်ပါလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ငွေတောင်ကမ်းခြေအနီးတွင် ကျောက်တန်းအများအပြားရှိခြင်းကြောင့် လင်းပိုင်များသည် ကမ်းနှင့်အနီးဆုံးကို ကပ်ခြင်းမရှိပဲ ရေနက်ပိုင်းတွင်းသာနေထိုင်ကြပြီး ယခုကဲ့သို့ လင်းပိုင်များပါလာသည့် ကြာကန်ကျေးရွာအနီးတွင် သဲသောင်ပြင်ရှိခြင်းကြောင့် ကမ်းပင်လယ်ကမ်းစပ်အနီးဆုံးကို ကပ်လာသည့်အချိန် ပိုက်ကွန်များဖြင့်ပါလာခြင်းဖြစ်သည်ဟု ဒေသခံရေလုပ်သာများက ဆိုသည်။

“ လင်းပိုင်တွေက မနေ့ကပါလာတာ။ ငါးဖမ်းပိုက်ဆွဲရင်းနဲ့ ပါလာတာပါ။ ဘယ်သူမှ လင်းပိုင်တွေကို ဖမ်းတာမမဟုတ်ပါဘူး။ ဒီဘက်မှာက ငါးဖမ်းလုပ်ငန်းက ပိုက်ကွန်တခုကို အ နည်းဆုံးလူ ၂၀ ကနေ ၃၀ လောက် ဝိုင်းဆွဲရတာ။ ကမ်းစပ်ကိုနီးလာတော့မှ လင်းပိုင်တွေပါလာတာ သိရတာ။ တကောင်မှအသေ အပျောက်မရှိပါဘူး။” ဟု ဟိုင်းကြီးကျွန်းမြို့မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပိုက်များဖြင့်ပါလာသည့် လင်းပိုင်များသည် အရွယ်စုံဖြစ်ပြီး ကမ်းပေါ်ပါလာသည့်အချိန် မြတ်မော်တင်စွန်းဘုရားပွဲကို လာရောက်သည့် ဘုရားဖူးပြည်သူအများအပြားက လင်းပိုင် များဖြင့်တွဲကာ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

“ ဒီအနီးဝန်းကျင်မှာ လင်းပိုင်တွေရှိပါတယ်။ အခုလို ပိုက်နဲ့ပါလာတာတော့ တခါမှမမြင်ဖူးဘူး။ မနည်းဘူး။ ဒေသခံတွေပါ အမျိုးမျိုးပြောနေတာပဲ ။ ဖမ်းလို့ပိုက်နဲ့မိပြီးပါလာတာလို့ပြောတယ်။ တချို့ကတော့ ဒီတိုင်းပိုက်နဲ့ငြိမိပြီး ကမ်းပေါ်ပါလာတာလို့ပြောတယ်။ သေချာတော့မသိဘူး။” ဟု ငွေတောင်ကမ်းခြေသို့ အပန်းဖြေခရီးလာသည့် ခရီးသွားတစ်ဦးက ပြောသည်။

“ ရေလမ်းကြောင်းမှားပြီး ကမ်းပိုက်နဲ့ငြိပြီး ကမ်းပေါ်ပါလာတာ။ စက်လှေနဲ့သယ်ယူပြီး ရေနက်ပိုင်းထဲကို ဒီနေ့ပြန်လွှတ်ပေးလိုက်ပါပြီ။ လင်းပိုင် ၁၅ ကောင်လုံးကို အသေအပျောက်မရှိ ပြန်လွှတ်ပေးလိုက်နိုင်ပါတယ်။” ဟု သက်ဆိုင်ရာနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါကမ်းခြေအနီးတွင် လင်းပိုင်၊ လင်းရှုး၊ ဝေလငါး စသည့်ရှားပါးငါးမျိုးစိတ်များ ကြက်စားလျက်ရှိပြီး၊ ထိုသို့ လင်းပိုင်းအများအပြား ကမ်းပေါ်ပါလာခြင်းမျိုးမရှိပဲ ပေ ၂၀ နှင့် ၂၅ ပေအထိရှိသော ဝေလငါးများသေဆုံးပြီး ကမ်းတင်မှုဖြစ်ခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

မော်တင်စွန်းစေတီအနီး ကမ်းခြေ၌ လင်းပိုင် ၁၅ ကောင် ပိုက်ဖြင့်မိငြိပြီး ကမ်းပေါ်ပါလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.