မောင်းနှင်နေသည့်ကားကို ပိတ်ရပ်ကာ ယာဉ်မောင်အားထိုးကြိတ်၍ ကားလုယက်

ရန်ကုန်၊ ဩဂုတ် ၃၁

လမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးအား လူတစ်စုက ရှေ့မှအခြားကားဖြင့်ပိတ်ရပ်ကာ ယာဉ်မောင်းအားထိုးကြိတ်၍ လမ်းဘေးတစ်နေရာတွင်ထားခဲ့ပြီး ယာဉ်လုယက်မှု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကားပိုင်ရှင်မိသားစုက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ နေ့လည် ၂ နာရီက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ်ရှိ Gandamar Wholesale ကုန်တိုင်အနီးတွင် မောင်းနှင်လာသည့် Suzuki Ciaz အမျိုးအစား ကိုယ်ပိုင်ကား၏အရှေ့မှ AD Van အမျိုးအစားကားတစ်စီးက ပိတ်ရပ်၍ ကားပေါ်မှအမျိုးသားအချို့ဆင်းလာကာ လုယက်ခံရသည့်ကား၏ ယာဉ်မောင်းအားထိုးကြိတ်၍ အဝတ် ဖြင့် မျက်နှာကိုအုပ်ကာ ခေါ်ဆောင်သွားပြီး မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းထားခဲ့ကာ ကားအားလုယက်သွားသည်ဟု ယာဉ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ ကားကိုအရှေ့ကနေ ပိတ်ရပ်လို့ ဘာလို့ပိတ်ရပ်တာလဲ ဆင်းမေးလိုက်တော့ အဲ့ဒီကားပေါ်က လူတွေဆင်းလာပြီး အားနဲ့ဆောင့်တွန်းတယ်၊ ပြီးတော့ ကားထဲကအဝတ်နဲ့ အုပ်၊ ထိုး ကြိတ်ပြီး တစ်ယောက်က ကားကိုယူမောင်းတယ်၊ နောက်တစ်ယောက်က ယာဉ်မောင်းကို ချုပ်ထားရင်း ထိုးကြိတ်ခေါ်လာပြီး ဇေကမ္ဘာဝန်းထဲရောက်တော့ သစ်ပင်တစ်ပင်နား ချ ထားခဲ့တာ။ လူကိုသေပြီထင်ပြီး ထားခဲ့တာ။ အရှေ့က ကားမောင်းတဲ့သူကလည်း အစဖျောက်လိုက်လို့ ပြောသံကိုကြားရတယ်တဲ့။” ဟု ယာဉ်လုယက်ခံရသူက ပြောပြခဲ့ကြောင်း ယာဉ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လုယက်ခံရသူ ယာဉ်မောင်းတွင် မျက်နှာဖူးယောင် ဒဏ်ရာများရရှိခဲ့ပြီး လုယက်သူများ အသုံးပြုခဲ့သည့်ယာဉ်မှာ AD Van အမျိုးအစားယာဉ်ဖြစ်ကာ ကားနံပတ်မှာ 6I ဖြင့်စသည့် နံပတ်ဖြစ်ကြောင်းသာ သိရပြီး နံပတ်အပြည့်အစုံကို မသိလိုက်ရကြောင်း ၎င်းကဆက်လက်ပြောပြသည်။

အဆိုပါ ယာဉ်လုယက်ခံရမှုကို ယာဉ်ပိုင်ရှင်က မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကာ ယနေ့နံနက်ပိုင်းအထိ လုယက်သူများအား ဖမ်းမမိသေးကြောင်း သိရသည်။

ရန်ကုန်၌ အိမ်စီးယာဉ်များကိုသာမက အငှားယာဉ်များကိုပါ လုယက်ကာ ယာဉ်မောင်းကိုပါသတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေ၍ ယာဉ်မောင်းနှင်သွားလာရာတွင်ပင် လုံခြုံမှု မရှိကြောင်း၊ ရန်ကုန်မြို့တွင် ကိုယ်ပိုင်ကားဖြင့် နေ့စဉ်ရုံးတက်နေသူတစ်ဦးကပြောသည်။

မောင်ဇော်

ဓါတ်ပုံ – ယာဉ်ပိုင်ရှင်၏ မိသားစု

#ယနေ့ခေတ်

ပုံစာ- လုယက်ခံရသည့်ယာဉ်အား တွေ့ရစဉ်

မောင်းနှင်နေသည့်ကားကို ပိတ်ရပ်ကာ ယာဉ်မောင်အားထိုးကြိတ်၍ ကားလုယက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.