ရန်ကုန်၊ စက်တင်ဘာ ၂၄
ပြည်တွင်းတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန်သည့် ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်ဈေးကစားနေမှုများရှိနေ၍ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲ မင်းအောင်ကပြောသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ကပြုလုပ်သည့် ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ဦးရဲမင်းအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တချို့ကလည်း မူမမှန်တဲ့ဈေးတွေပေးပြီး ဝယ်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ တခြားရည်ရွယ်ချက်တွေရှိပါတယ်။ စပါးဈေးကို ငွေထုပ်ပိုက်ပြီး လိုက်ဝယ်နေတဲ့ သူတွေလည်းရှိတယ်။ ပြောရရင် ဒါတွေက မဖြစ်သင့်တဲ့အနေအထားပါ” ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်၍ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့ပြီး ယခင်က တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားသာရှိသည့် ဆန်ကြမ်းအမျိုးအစားများမှာ ကျပ် ၆၀,၀၀၀ ကျော်နှင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၇၀,၀၀၀ ဝန်းကျင်မှ ကျပ် ၁၅၀,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
“ ဒီလိုအနေအထားမျိုးတွေကို စည်းရုံးတာ၊ ပညာပေးတာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုအပေါ်ကြည့်ပြီး အစိုးရဘက်ကို တင်ပြတိုင်တန်းတာတို့ကို မလုပ်လို့မရပါဘူး။ ကျွန် တော်တို့လည်း တော်ရုံဆိုမလုပ်ချင်ပါဘူး။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် ဆန်စပါးအသင်းချုပ်အနေဖြင့် မြင့်တက်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ဩဂုတ်လ ၇ ရက်မှစတင်ပြီး သက်သာသောနှုန်းထားများဖြင့် ဆန်ရောင်းချ ပေးခြင်း၊ ဧည့်မထတစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာ ခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်
မူမမှန်သည့်ပုံစံမျိုးဖြင့် ဈေးကစားမှုများရှိနေ၍ အရေးယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်