မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ပစ်ခတ်မှုများဖြစ်၍ ယာဉ်များသွားလာနိုင်ရန် နာရီနှင့်ချီ၍ စောင့်ဆိုင်းရ

ရန်ကုန်၊ ဩဂုတ် ၂

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုများဖြစ်၍ ယာဉ်များသွားလာ၍မရတော့ဘဲ နာရီနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

ဩဂုတ် ၂ ရက်၊ ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်အကြားတွင် တိုက်ပွဲများစတင်ဖြစ်ပွားကာ လက်နက်ငယ်များနှင့်သာမက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် ၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကားများဖြတ်သန်းခွင့် ခေတ္တပိတ်ထားလိုက်ပြီး ယနေ့နေ့လည် ၂ နာရီအထိ ကားလမ်းပြန်မဖွင့်သေးကြောင်း သိရသည်။

“ မူဆယ်-မိုင်းယု ၁၀၅ မိုင်ကြား တုံခန်ရွာအနီးမှာ ပစ်ခတ်မှုဖြစ်နေလို့ ကားတွေကိုပေးမဖြတ်တာ။ တိုက်ပွဲကလည်း တော်တော်ပြင်းနေတော့ တချို့ကားတွေဆို စောင့်မနေတော့ဘဲ နောက်ပြန်လှည့်တာတောင်ရှိတယ်” ဟု မူဆယ်မြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပစ်ခတ်မှုများကြောင့် ယနေ့နေ့လည် ၂ နာရီအထိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်တင်ယာဉ်များ၊ အိမ်စီးကားငယ်များအပါအဝင် ကားအစီးရေရာချီ၍ ဆက်လက်သွား လာနိုင်ရန် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါနေရာအနီးရောက်ရှိနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ ဘယ်အချိန်မှ တိုက်ပွဲပြီးလို့ လမ်းပြန်ဖွင့်မလဲ မသိသေးဘူး။ ကားတွေလည်း တော်တော်ပိတ်နေတာ။ လမ်းပြန်ဖွင့်ရင်လည်း ပစ်ခတ်မှုတွေဖြစ်ထားတော့ တော်တော်သတိထားပြီး သွားရမယ်” ဟု ၎င်းကပြောသည်။

ယနေ့နံနက် ၁၀ နာရီမှစ၍ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အကြားတွင် နစကတပ်များနှင့် TNLA အဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာများ ရှိရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“ တိုက်ပွဲအနီးကလူတွေတော့ ထွက်ပြေးကြရတယ်။ ဒီမှာတော့ (၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး) တဒုန်းဒုန်းနဲ့ အိမ်တွေတုန်၊ နားတွေအူပြီး ရင်တွေပါတုန်တယ်” ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး မိုင်းယုရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ယနေ့နေ့လည် ၃ နာရီတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကားများသွားလာနိုင်ရန် လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း သိရသော်လည်း ကားသေးများသာ စတင်သွားလာနေ ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် အဆိုပါလမ်းပိုင်းတွင် နာရီနှင့်ချီကာ လမ်းပိတ်ဆို့ခဲ့သကဲ့သို့ မူဆယ်မြို့တွင်လည်း ယနေ့နံနက်မှစ၍ ယာဉ်ကြောများ ဆိုးရွားစွာပိတ်ဆို့နေကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇော်

ဓါတ်ပုံ – Nay Myo

#ယနေ့ခေတ်

#မူဆယ်၁၀၅မိုင်

#တိုက်ပွဲ

ပုံစာ- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ပစ်ခတ်မှုများကြောင့် လမ်းပိတ်ထားစဉ်နှင့် မူဆယ်မြို့တွင်း၌ ယာဉ်ကြောများပိတ်ဆို့နေစဉ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ပစ်ခတ်မှုများဖြစ်၍ ယာဉ်များသွားလာနိုင်ရန် နာရီနှင့်ချီ၍ စောင့်ဆိုင်းရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.