ရန်ကုန်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်၌ တရုတ်-မြန်မာ ကုန်သွယ်ရေး ရပ်ဆိုင်းသွားသဖြင့် ကုန်သည်များအရှုံးပေါ်နေကြောင်း မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်သဖြင့် ကုန်ကားများ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းနှင့် အပြင်ဘက်တို့တွင် ကုန်ကားအစီးရေနှစ်ရာနီးပါး ပိတ်မိနေကြောင်း သိရသည်။
“တိုက်ပွဲတွေ စဖြစ်ထဲက လမ်းပိတ်လိုက်တော့ ကုန်သွယ်ရေးဇုန်ထဲမှာရော၊ အပြင်မှာပါ ကုန်ကားတွေပိတ်မိကုန်တယ်။ ပျက်စီးလွယ်တဲ့ သစ်သီးတို့၊ ဂဏာန်းနဲ့ ငါးရှဉ့်တို့ကို ကား ရောက်တဲ့နေရာမှာ ရတဲ့ဈေးနဲ့အရှုံးခံပြီး ရောင်းနေကြတယ်။ ဖရဲသီးတွေဆိုရင် ရက်ကြာလာတော့ ရိပြီးပုပ်ကုန်တယ်။ ဖရဲသီးကားကြီးတစ်စီးတိုက်ဆိုရင် သိန်းငါးဆယ်လောက် ရှုံးသွားတာပေါ့။” ဟု မူဆယ်ဒေသခံကုန်သည်တစ်ဦးက ပြောသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ နေ့စဉ်ကုန်ကားများ အကြီးအသေးနှစ်ရာဝန်းကျင်ခန့်သည် တရုတ်နိုင်ငံဘက်သို့ ကုန်သွယ်လျက်ရှိပြီး ကုန်သွယ်ရေးဇုန်အတွင်း ဝန်ထမ်းများ လည်းမရှိသဖြင့် တရုတ်နိုင်ငံဘက်သို့ ကုန်စည်များပို့ဆောင်ရန် စာရွက်စာတမ်း ပြုလုပ်ပေးမည့်သူများမရှိသောကြောင့် ပုပ်သိုးလွယ်သည့်ကုန်စည်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေ ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးဇုန်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံ နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်ကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – cj
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ရပ်ဆိုင်းသွား၍ ကုန်သည်များ အရှုံးပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်