ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်၊ မူဆယ် ၁၀၅ မိုင်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေ သည့် ပရဟိတသမားတစ်ဦး သေဆုံးသွားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၁၀၅ မိုင်အောက်ဘက် နမ့်မော်ရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျန်းမာရေးပရဟိတသမားတစ်ဦး သေဆုံး ကာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ သူတို့က မိသားစုသုံးယောက်ဗျ။ သေသွားတဲ့အမျိုးသားက အသက် ၅၀ ကျော်လောက်ရှိတယ်။ သူတို့လင်မယားက ကျန်းမာရေးပရဟိတလုပ်ကြတယ်။ ဒဏ်ရာရတဲ့အမျိုးသမီး နှစ်ဦးက သူ့မိန်းမနဲ့ သမီး။ တိုက်ပွဲတွေက ပြီးခဲ့တဲ့လတည်းကဖြစ်နေတာ ဒီနေ့အထိပဲ။ အခုလဲ နှစ်ဘက် အပြန်အလှန်ပစ်နေကြတုန်းပဲ။” ဟု မူဆယ်ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး၌ ဒေသခံအများအပြား ပိတ်မိနေပြီး၊ ၎င်းတို့ကို ခေါ်ထုတ်နိုင်ရန်အတွက် မူဆယ်မြို့မှ ၁၀၅ မိုင်သို့သွားရောက်သည့် ကြက်ခြေနီကားများနှင့် ပရဟိတလူမှုကူညီရေးအသင်းကားများပါ ပစ်ခတ်ခံနေရသဖြင့် သွားရောက်၍ မရနိုင်ကြောင်း သိရသည်။
မူဆယ်မြို့နှင့် ၁၀၅ မိုင်ကြား လားရှိုးလမ်းမကြီးပေါ်ရှိ နမ်ခွမ်ကျေးရွာနှင့် ကျင်စန်းကျော့တစ်လျှောက်၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း လေ ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၁၀ ဦးကျော် သေဆုံးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မူဆယ် ၁၀၅ မိုင်၌ လက်နက်ကြီးကျ ပရဟိတသမားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်