ရန်ကုန်၊ သြဂုတ် ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံ ၉၀၀ နီးပါး အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်မှစ၍ မူဆယ်မြို့နယ်၊ စယ်လန့်ရွာ၊ နမ့်ကတ်ရွာ၊ မန် ကန်ရွာနှင့် မိုင်းဆတ်ကျေးရွာများအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည် သူ ၈၆၀ ကျော် စစ်ဘေးရှောင်နေခဲ့ရကြောင်း ဒေသတွင်း ကူညီပေးနေသူများထံမှ သိရသည်။
“ တိုက်ပွဲက ဒီနေ့တော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး။ မနက်အစောထိ ဖြစ်နေတာကတော့ရှိတယ်။ ပိတ်မိနေတဲ့ ၇ ယောက်ကိုသွားခေါ်ခဲ့တယ်။ တချို့က အိမ်ရာကို မပြောင်းရွှေ့ချင်ကြဘူး။ သူတိုအိမ် သူတို့နေရာမှာပဲနေချင်လို့ ကျန်ခဲ့တာပေါ့။ နမ့်ကတ်ရယ်၊ မန်ကန်ရယ်၊ မိုင်းဆတ်ရယ် အဲ့ ၃ ရွာ မှာဖြစ်နေတာ။ အဲ့မှာပဲ စစ်ရှောင် ၈၀၀ ကျော်ရှိ တယ်။” ဟု ဒေသဆိုင်ရာ ကူညီပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအား ဟိုနားဘုန်းကြီးကျောင်း၊ စန့်လန် ဓမ္မာရုံ၊ စွမ်စော(၁)လမ်း ဇရပ်၊ နမ့်စန့်(တုန်ခွမ်) ဇရပ်၊ နမ့်ဆန်းရွာ ဇရပ်တို့တွင် စစ်ရှောင်စခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ဟိုနားဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင် ၁၉၀ ဦးခန့်၊ စွမ်စော်(၁)လမ်း ဇရပ်၌ စစ်ဘေးရှောင် ၁၂၀ ဦးခန့်၊ နမ့်စန့် (တုန်ခွမ်) ဇရပ်၌ စစ်ဘေးရှောင် ၂၈၀ ဦးခန့်နှင့် နမ့်ဆန်းရွာ ဇရပ်၌ စစ်ဘေးရှောင် ၂၇၆ ဦး တို့ကို လက်ရှိတွင်ကူညီလျက်ရှိပြီး မိသားစု၊ ဆွေးမျိုးများထံ စစ်ရှောင်နေကြသူများလည်းရှိရာ လက်ရှိစာရင်းအရ ဒေသခံ ၈၆၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်း သိရသည်။
လက်ရှိတွင် မူဆယ်နှင့် နမ့်ခမ်းကြား၌ TNLA ခေါ် တအန်း(ပလောင်)အဖွဲ့နှင့် နစကတို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ထိုအနီးအနားရှိ ကျေးရွာများ၌ လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသတွင်းကူညီပေးနေသူများထံမှ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ဒေသခံစစ်ရှောင်ကူညီရေးအဖွဲ့
မူဆယ် စယ်လန့်ရွာအနီး ဒေသခံ ၉၀၀ နီးပါး စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်