ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာနှင့် အနီးတဝိုက်၌ ယမန်နေ့ကဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက် မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
အဆိုပါ စယ်လန့်ရွာအနီး၌ ယမန်နေ့ နံနက်အစောပိုင်း( နိုဝင်ဘာ ၂၄ ရက်) နံနက်တစ်နာရီခန့်အချိန်မှစ၍ TNLA တပ်များနှင့် နစကတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေ ကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ စယ်လန့်ရွာ၊ ကောင်းနောင်ရပ်ကွက်ရှိ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကာ၊ မော်တော်ယာဉ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ မနက်အစောပိုင်း တိုက်ပွဲကြောင့် လူနေအိမ်ခြံဝန်းထဲကို ဗုံးပြုတ်ကျတာ။ ကားလေးစီးလောက် ပျက်စီးသွားတဲ့အပြင်၊ ဘေးကပ်ရပ်က အိမ်ဆယ်လုံးလောက်ပါ ပျက်စီးသွားတယ် လို့ သိရတယ်။ မနေ့က တစ်နေ့လုံးတိုက်ပွဲတွေ တောက်လျှောက်ဆက်ဖြစ်နေတာ။ ညနေပိုင်းတိုက်ပွဲမှာ လူငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရတယ်။ အသက် အန္တရာယ်တော့ မစိုးရိမ်ရဘူး။” ဟု ပရဟိတလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာအနီး၌ ယနေ့ နံနက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်ကလည်း စယ်လန့်ကျေးရွာရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဆုတောင်းပြည့်ဆရာ တော်တွင် ကျည်စထိမှန်၍ ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း မူဆယ်မြို့နယ်အတွင်း၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိနေကာ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မူဆယ် စယ်လန့်ရွာတိုက်ပွဲကြောင့် ဒေသခံတစ်ဦးဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်