မူဆယ် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများကြောင့် ကုန်သွယ်ရေးဇုန်၌ နေထိုင်သူအားလုံးနီးပါး စစ်ဘေးရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ကုန်သွယ်ရေးဇုန်၌ နေထိုင်သူ အားလုံးနီးပါး မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်တွင် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နှင့် အနီးတဝိုက်ရှိ ကျေးရွာအချို့၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေသောကြောင့် ကုန်သွယ်ရေးဇုန် ၌နေထိုင်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ကုန်သွယ်ရေးဇုန်မှာ နေတဲ့သူတွေက ရှမ်းဒေသခံပြည်သူတွေနည်းတယ်။ အများအားဖြင့် ဇုန်ထဲမှာက ရွှေ့ပြောင်းလုပ်ကိုင်သူတွေနေကြတာ။ အခုသူတို့ဆီမှာ တိုက်ပွဲတွေဆက် တိုက်ဖြစ်နေတော့ ကုန်သွယ်ရေးဇုန်နဲ့ အနီးတဝိုက်မှာနေတဲ့သူ တစ်သောင်းနီးပါးလောက် စစ်ရှောင်လာကြတယ်။ မူဆယ်မှာ စစ်ရှောင်တွေ တိုးလာတာပေါ့။ တစ်ချို့ကလည်း တရုတ်ပြည်ထဲမှာရှိတဲ့ ဆွေမျိုးတွေဆီကို စစ်ရှောင်ဖို့အတွက် စီစဉ်ပေးရတယ်။ အသိမရှိတဲ့သူတွေကျတော့ မူဆယ်မြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ပို့ပေးထားတယ်။” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

မူဆယ်မြို့ပေါ်၌ စစ်ဘေးရှောင်များ ရုတ်တရက်များပြားလာသဖြင့် စစ်ရှောင်များအတွက် အကူအညီများ ပိုမိုလိုအပ်လျက်ရှိနေပြီး၊ မူဆယ်မြို့သို့ ကုန်စည်များပို့ဆောင်နေသည့် အဓိကလမ်းများကို ပိတ်ထားသဖြင့် စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများလည်း အဆမတန် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“ကုန်သွယ်ရေးဇုန်နဲ့ အနီးအနားမှာနေတဲ့သူတွေက ပြီးခဲ့တဲ့လက ရှမ်းပြည်မှာ တိုက်ပွဲတွေစဖြစ်ဖြစ်ခြင်း စစ်ရှောင်တာမဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေနဲ့ သူတို့နေတဲ့နေရာနဲ့ ဝေးနေလို့။ အခု သူတို့နေတဲ့နေရာမှာပါ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် စစ်မရှောင်လို့ မရတော့ဘူး။ ဒါကြောင့် သူတို့မူဆယ်ကို စစ်ရှောင်လာကြတာ။” ဟု မူဆယ်မြို့ဒေသခံတစ် ဦးက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်မြောက်ပိုင်းအတွင်းရှိ ဒေသအချို့တွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး တို့ဖြင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေသခံပြည် သူ ၇၀ နီးပါး သေဆုံးခဲ့ရပြီး၊ ၁၁၀ ကျော် ဒဏ်ရာရရှိခဲ့၍ အများပြည်သူဆိုင်ရာ အဆောက်အဦများ၊ ဘုန်းကြီးကျောင်းများ နှင့် လူနေအိမ်များ ၂၁၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မူဆယ် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများကြောင့် ကုန်သွယ်ရေးဇုန်၌ နေထိုင်သူအားလုံးနီးပါး စစ်ဘေးရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.