မူဆယ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံးကာ သုံးဦးဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ယမန်နေ့က ကားတစ်စီးပေါ်မှ လူတစ်စုနှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အဆိုပါကားပေါ်မှ လူနှစ်ဦးသေဆုံးကာ သုံးဦးကိုဖမ်းမိပြီး အချင်းချင်းပစ်ခတ်မိ၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ၊ နံနက် ၆ နာရီက မူဆယ်မြို့၌ လုံခြုံရေးအဖွဲ့များက ယာဉ်စစ်ဆေးမှု ဆောင်ရွက်နေစဉ် မောင်းနှင်လာသော အဖြူရောင် Crown အမျိုးအစား မော်တော်ယာဉ်အား တား ဆီးစစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် စွမ်စော်ရပ်ကွက်၊ မန့်ဝိန့် ၂ လမ်းရှိ ရွှေကြယ် ဆောက်လုပ်ရေးကုမ္ပဏီရှေ့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အဆိုပါ Crown အမျိုးအစား ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးကိုဖမ်းမိခဲ့ကြောင်း သိရသည်။

“ ဘာ့ကြောင့် ပစ်ခတ်တယ်တော့ ကျွန်တော်တို့က မသိရဘူး။ သေဆုံးသူနဲ့ ဖမ်းမိတဲ့သူတွေက တရုတ်လူငယ်ပုံစံတွေပါ။ သူတို့ (လုံခြုံရေးအဖွဲ့) အကူအညီတောင်းလို့ အလောင်း တွေကို ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။“ ဟု ဒေသတွင်း လူမှုကူညီရေးအဖွဲ့မှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ် ယာဉ်ပေါ်၌ လိုက်ပါလာသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပြီး အချင်းချင်းပစ်ခတ်မိ၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ အရှေ့ကရဲက ပစ်နေတုန်း အနောက်ကရဲကလည်း လှမ်းပစ်လိုက်တာမှာ ရှေ့ ကရဲကို ကျည်ထိပြီး အချင်းချင်းပစ်မိသလို ဖြစ်သွားတာပါ ။ လက်မောင်းမှာ ကျည်ရှပ်ထိဒဏ်ရာ ရသွားတာ။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။” ဟု လုံခြုံ ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ဖမ်းဆီးခဲ့သည့် ယာဉ်ပေါ်မှ M – 22 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည်ခြောက်တောင့်၊ ပစ္စတိုနှစ်လက်နှင့် ကျည်ခုနစ်တောင့်တို့ သိမ်းဆီးရမိပြီး သေဆုံးသူနှစ်ဦးအား မူဆယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ သုံးဦးအား မူဆယ်ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၇/ ၃၃၃/ ၃၄ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မူဆယ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံးကာ သုံးဦးဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.