မူဆယ်၌ နွားခြံအတွင်းသို့ လက်နက်ကြီးကျည်ကျ ကလေးအပါအဝင် သုံးဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နွားမွေးမြူရေးခြံအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ၇ နှစ်အရွယ် ကလေးငယ်တစ် ဦးအပါအဝင် သုံးဦးသေဆုံးပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်မှစတင်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတဝိုက်ရှိ ကျေးရွာအချို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ယခုအချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က ကျွန်တော်မြို့ပေါ်ကို ရောက်နေတုန်း ညနေ ၄ နာရီလောက်မှာ နွားခြံထဲကနေ ဖုန်းဆက်လာတယ်။ လေယာဉ်ပျံတွေ ပျံနေတယ်ဆိုပြီးပြောတယ်။ ခဏနေကြာတော့ နွား ခြံထဲကို ဗုံးကျတယ်လို့ ဖုန်းဆက်တယ်။ ခြံထဲမှာ သေတဲ့သူတွေသေတယ်။ ဒဏ်ရာရတာတွေလဲရှိတယ်လို့ပြောတယ်။ ကျွန်တော်ရောက်သွားတော့ လူနာတင်ကားနဲ့ သေတဲ့သူ တွေရော၊ ဒဏ်ရာရရတဲ့သူတွေကိုပါ မူဆယ်ဆေးရုံကို ခေါ်သွားကြတယ်။” ဟု ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နွားခြံအတွင်းသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ခဲ့ပြီး တစ်လုံးပေါက်ကွဲခဲ့ကာ၊ တစ်လုံးမှာ မပေါက်ကွဲသေးပဲ မြေကြီးထဲတွင် စိုက်ဝင်နေ​ပြီး၊ ကျန်တစ်လုံးမှာ နွားချေးများ ထည့်ထားသည့် အုတ်ကန်ထဲသို့ကျရောက်သွားပြီး မပေါက်ကွဲသေးကြောင်း သိရသည်။

“လက်နက်ကြီးကျည် ကျကျခြင်း ခြံထဲမှာရှိနေတဲ့ အသက် ၁၀ နှစ်၊ ၁၈ နှစ်အရွယ် ကလေးနှစ်ယောက်က တစ်ကိုယ်လုံးကျည်စတွေမှန်ပြီး ပွဲချင်းပြီးသေသွားတယ်။ ၇ နှစ်အရွယ် ကလေးတစ်ယောက်က ဗိုက်ပွင့်ပြီး အူတွေထွက်ကျနေတယ်။ အဲဒီကလေးလဲ ဒီနေ့ဆေးရုံမှာဆုံးသွားပြီ။ ၁၁ လသားအရွယ်ကလေးက နဖူးကို ကျည်စမှန်တယ်။ အမျိုးသမီးကြီး နှစ်ယောက်က ခြေသလုံးကို ကျည်စထိတယ်။ ကျန်တဲ့အမျိုးသားတစ်ဦးလည်း ပေါင်နဲ့ ခြေထောက်ကို ကျည်စထိတယ်။ အခုဆေးရုံမှာ။ မစိုးရိမ်ရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အသက် ၇ နှစ်၊ ၁၀ နှစ်နှင့် နဖူးကို ကျည်စထိမှန်သွားသည် ၁၁ လသားအရွယ် ကလေးငယ်တို့မှာ ညီအစ်ကိုအရင်းတော်စပ်ကြပြီး၊ ၎င်းတို့၏ မိဘနှစ်ပါးမှာ နွားခြံတွင် နေထိုင်ခြင်းမရှိပဲ၊ နမ့်ခမ်းမြို့ပေါ်၌ သွားရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မူဆယ်၌ နွားခြံအတွင်းသို့ လက်နက်ကြီးကျည်ကျ ကလေးအပါအဝင် သုံးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.