မူဆယ်မြို့၌ ကြက်ဥတစ်ကတ် တစ်သောင်းရှစ်ထောင်ကျပ်ထိ ဈေးမြင့်တက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့ပြီး ကြက်ဥတစ်ကတ်လျှင် တစ်သောင်းရှစ်ထောင်ကျပ်ထိရှိလာကာ ကုန်စုံဆိုင်အချို့ ပိတ် ထားရကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ လက်နက်ကိုင်သုံးဖွဲ့နှင့် နစကတို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်း မကြီးနှင့် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးတို့အား အရေးပေါ် ပိတ်ပင်ထားကြောင်း သိရသည်။

ထိုသို့ လမ်းပိတ်ဆို့မှုများကြောင့် ကုန်တင်ယာဥ်များမှာ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ပဲ မူဆယ်မြို့တွင်းရှိ ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့​သည်ဟု ဒေသခံများက ဆိုကြသည်။

“ အခုပဲ ဈေးကပြန်လာတာ။ ဈေးထဲမှာ ကြက်သားလည်းမရှိ၊ ငါးလည်းမရှိတော့ဘူးတဲ့။ ဆိုင်တွေပိတ်ထားတယ်။ ကားလည်းလာလို့မရတော့ ဘာစားကြရမလဲ မသိတော့ဘူး။ အခွင့်အရေး သိပ်မယူတတ်ရှာဘူး။ ရတဲ့နေရာကနေ ဘယ်လိုကူညီကြမယ် မစဥ်းစားပဲ၊ တိုက်ပွဲဖြစ် လမ်းပိတ်ဖို့ ကြိတ်ပြီးဆုတောင်းနေကြလား မသိဘူး။ အသံကြားတာနဲ့ တက်တော့တာ။” ဟု မူဆယ်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်တက်နေခြင်းမှာ ကြက်ဥအလုံး ၃၀ ပါ တစ်ကတ်လျှင် ၁၈,၀၀၀ ကျပ်၊ ကြက်တစ်ကောင်လျှင် ၃၀,၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီးလျှင် ၁,၀၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ တချို့ဆိုင်တွေတော့ ခွဲတမ်းလေးနဲ့ အရင်ပုံမှန်ဈေးနဲ့​ရောင်းပေးတယ်။ ကားတွေအဝင်မရှိတော့ ဆိုင်တွေလည်း ပိတ်ထားတာရှိတယ်။ တစ်ချို့ကတော့ ဈေးတွေတအားတင်ရောင်း တာ။ ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုမှ ပြည်သူအချင်းချင်း ပြန်ရိုက်စားကြတယ်။ ရက်စက်လိုက်တာ။ အချို့ပြည်သူတွေ မဝယ်နိုင်တော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြက်သားနှင့် ကြက်ဥများကို ကျောက်မဲ၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များမှ တင်သွင်းရောင်းချကြပြီး ယခုအခါ လမ်းများပိတ်ထားသဖြင့် သယ်ယူရန်အခက်အခဲဖြစ်နေကာ ဈေးနှုန်း များမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းကလည်း လားရှိုး-မူဆယ်လမ်းပေါ်၊ သိန္နီမြို့ မှ နမ္မတူချောင်းတံတား ဖောက်ခွဲခံရ၍ တံတားကျိုးကျ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လားရှိုး-မူဆယ်ကားလမ်းပိုင်းရှိ သိန္နီတိုးဂိတ်အတက်နှင့် ကွမ်းလုံလမ်းခွဲ လမ်းမကြီးများအား မြေကော်စက်များဖြင့်မြေတူးပြီး လမ်းများပိတ်ထားသဖြင့် သွားလာရန် အခက်အခဲများရှိနေကြောင်း ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

ပုံစာ – နမ္မတူ တံတားကျိုးကြခြင်းနှင့် လမ်းများပိတ်ဆို့နေသည့် ပုံရိပ်များ

#ယနေ့ခေတ်

မူဆယ်မြို့၌ ကြက်ဥတစ်ကတ် တစ်သောင်းရှစ်ထောင်ကျပ်ထိ ဈေးမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.