ရန်ကုန်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် မူဆယ်မြို့သို့ စစ်ဘေးရှောင်နေရပြီး နမ့်ခွမ်စစ်ရှောင်စခန်း၌ ဖျားနာသူ ၅၀ ဦးခန့်ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်စခန်း၌ ဖျားနာနေသည့် စစ်ဘေးရှောင် ၅၀ ဦးဝန်းကျင်တွင် သက်ကြီးရွယ်အို ၂၀ ဦးခန့်ပါဝင်ကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်နေသူများထံမှ သိရသည်။
“စစ်ရှောင်လာရင်း ရာသီဥတုကအေးတဲ့အတွက် သက်ကြီးပိုင်းတွေက ဖျားတာတွေဖြစ်လာတယ်။ နောက်ပြီး စစ်ရှောင်ဖို့ထွက်လာရင်း လမ်းမှာထိခိုက်ဒဏ်ရာရလာတဲ့လူတွေလဲ ရှိတယ်။ သူတို့ထဲက အပြင်းအထန်ဖျားတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပြည်သူ့ဆေးရုံကိုပို့ပြီး ကုသပေးတယ်။ သာမာန်လောက် ဆိုရင်တော့ သူနာပြုဆရာမကိုခေါ်ပြီး ကုသပေးတာတွေရှိပါတယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
ထိုစစ်ရှောင်စခန်း၌ ယခင်က စစ်ဘေးရှောင် သုံးရာကျော်သာရှိပြီး ယခုအခါ စစ်ဘေးရှောင် ငါးရာကျော်အထိတိုးလာခဲ့ကြောင်း သိရသည်။
“နမ့်ခွမ်စစ်ရှောင်စခန်းမှာ အနည်းငယ်ဖျားနာနေသူများကို ဆေးကုဖို့အတွက် မူဆယ်လှိုဏ်ဂူဘုရားနားက ဘုံဆွမ်းလောင်းအသင်းကို့ ပို့ထားတယ်။ ရောဂါပျောက်သွားရင် စစ်ရှောင်စခန်းကို ပြန်ပို့ပေးမယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖျားနာနေသည့် စစ်ရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများနှင့် ဖြည့်စွက်အစာများ လှူဒါန်းထားပြီး ဆန်၊ ဆီနှင့် ကြက်ဥများကို စစ်ရှောင်များအတွက် ပေးပို့ထား ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများထံမှ သိရသည်။
မူဆယ်မြို့၌ စစ်ဘေးရှောင်များတိုးလာသလို မူဆယ်မှ တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ သွားရောက်စစ်ရှောင်ရန်အတွက် နယ်စပ်ဝင်ပေါက်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ် တို့၌ တိုကင်လာရောက်တန်းဆီနေသူများ ထောင်နှင့်ချီ များပြားလျက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှ စတင်ကာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲများဆက်ဖြစ်နေသဖြင့် မူဆယ်၌ ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက မူဆယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်လာနိုင်ပြီး၊ ပြည်မနှင့်ဆက်သွယ်ထားသည့် အဓိကလမ်းကြောင်းများ သွားလာ ၍မရသဖြင့် မူဆယ်၌ ကုန်ဈေးနှုန်းကြီးမြင့်နေကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျီ
မူဆယ်မြို့၊ နမ့်ခွမ်စစ်ရှောင်စခန်းတွင် ဖျားနာသူ ၅၀ ဦးခန့်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်