ရန်ကုန်၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် နာမကျန်းသူအချို့ သွားလာရေးအခက်အခဲကြောင့် ဆေးရုံသို့အချိန်မီမပို့နိုင်ပဲ သေဆုံးမှုရှိနေကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြော သည်။
မူဆယ်မြို့ပေါ်၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းကို အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ပိတ်ထားခဲ့ပြီး သိန္နီမြို့ရှိ နမ္မတူချောင်းတံတား ပါ ပျက်စီးနေသဖြင့် အရေးပေါ် နာမကျန်းဖြစ်နေသူများကို လားရှိုးနှင့် မန္တလေးဆေးရုံများသို့ ပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
“အဓိကက တိုက်ပွဲတွေဖြစ်ပြီး လမ်းပိတ်ထားတဲ့အတွက် အရေးပေါ်လူနာတွေကို ဆေးရုံကိုအချိန်မီပို့နိုင်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက နေမကောင်းဖြစ်နေတဲ့လူနာနှစ်ဦး ဆေးရုံမပို့နိုင်လို့ ဆုံးသွားတယ်။ တစ်ချို့ တတ်နိုင်တဲ့သူတွေကတော့ ရွှေလီဘက်ကိုကူးပြီး သွားကုကြတာပေါ့။ မတတ်နိုင်တဲ့သူတွေကတော့ ဒီအတိုင်းပဲပေါ့။ မူဆယ်မှာက ညဆိုရင် ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ ကျီးလန့်စာစားနေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
မူဆယ်မြို့ဒေသခံများအတွက် သွားလာရေးအခက်အခဲများကြောင့် စက်သုံးဆီ တစ်လီတာကို ၁၄၀၀၀ ကျပ်ပေးဝယ်ရသော်လည်း လိုသလောက်မရဖြစ်နေပြီး အခြေခံစားသောက် ကုန် ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာရာ ယခင် ကြက်ဥတစ်လုံး ၃၀၀ ကျပ်ရှိရာမှ ယခု ၁၀၀၀ ကျပ်ဖြစ်နေကြောင်း၊ တိုက်ပွဲများ အချိန်ကြာလာသည်နှင့်အမျှ စားနပ် ရိက္ခာ ပြတ်လပ်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းဒေသများ၌ တိုက်ပွဲအရှိန်များ မြင့်တက်နေပြီး မြို့နယ် ၂၂ ခုအနက် အနည်းဆုံး ၉ မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေရာ လူဦးရေ ၂၃,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအဖွဲ့ UNOCHA မှ သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စီဂျေ
မူဆယ်မြို့ရှိ နာမကျန်းသူအချို့ သွားလာရေးအခက်ခဲကြောင့် ဆေးရုံသို့ အချိန်မီမပို့နိုင်ပဲ သေဆုံးမှုရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်