မူဆယ်မြို့တွင် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်းများ ဖြတ်တောက်ထား ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စက်သုံးဆီအပါအဝင် အခြေခံစားသုံးကုန်စည်များပါ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ ရက်နေ့မှစ၍ မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာ ၁၂,၀၀၀ ကျပ်ပေးဝယ်နေရပြီး၊ မြို့အတွင်းသို့ ကုန်စည်အဝင်ကိုပါ ဖြတ်တောက်ထားမှုကြောင့် ဒေသခံများ အခက် အခဲများနှင့်ရင်ဆိုင်နေကြောင်း သိရသည်။

“ဦးလေးတို့မူဆယ်မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့လောက်ကနေ စက်သုံးဆီတွေရော၊ စားသောက်ကုန်တွေရော အကုန်ပိတ်ထားခံရတာ။ စက်သုံးဆီဆိုရင် တစ်လီတာကို ၁၂,၀၀၀ ကျပ်နဲ့ပေးဝယ်နေရတယ်။ ဘာဆီကားမှလည်း လာလို့မရ။ ပြောရရင် ဖြတ်လေးဖြတ်ပေါ့နော်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မူဆယ်မြို့တွင် စားသောက်ကုန်စည်များပါ ဖြတ်တောက်ခံရပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိပေးဝယ်နေရကာ၊ စားဆီတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်အထိ ဝယ်ယူရခြင်းကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

“အရင်ကဆို တရုတ်ဘက်ကနေဝင်တဲ့ကုန်စည်နဲ့ စားလို့သောက်လို့ရသေးတယ်။ အခုတော့ တရုတ်ဘက်ကလည်း ပိတ်ပြီဆိုတော့ ဘာတွေဆက်ဖြစ်မလဲမသိသေးဘူး။ စားဆီဆို တစ်ပိဿာကို သုံးသောင်း။ ဆန်ဆိုရင် တစ်အိတ်ကို နှစ်သိန်းကနေ သုံးသိန်းပေးရတယ်။ ခရမ်းချဉ်သီးဆိုရင် တစ်သောင်းခွဲစျေးဝယ်ရတယ်။ ဘာပစ္စည်းမှကို အဝင်မရှိတော့တာ။ ကုန်ပစ္စည်းတွေအဝင်မရှိတော့ ကုန်စျေးတွေကလည်း အကုန်တက်နေတာ မလွယ်ပါဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေမှစ၍ တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှ မူဆယ်မြို့ဘက်သို့ ကုန်ပစ္စည်းများသယ်ယူခွင့်ကို တရုတ်နိုင်ငံဘက်မှ ကန့်သတ်ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာအချို့တွင် နစကတပ်နှင့် TNLA, ပူး ပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် မူဆယ်မြို့အတွင်း ကုန်စည်စီးဆင်မှုများပြတ်၍ ဆေးဝါးဈေး နှုန်းများနှင့် အထွေထွေကုန်စျေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- Wiki

ယနေ့ခေတ်

မူဆယ်မြို့တွင် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်းများ ဖြတ်တောက်ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.