မူဆယ်မြို့ကို လက်နက်ကိုင်တပ်ဖွဲ့များပိတ်ဆို့မှုမှာ ၁၀ ရက်ကျော်ကြာနေပြီ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်ပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက အပြင်ဘက်မှ ပိတ်ဆို့ထားခြင်းကြောင့် မြို့တွင်းရှိပြည်သူများ ပိတ်မိနေသည်မှာ ၁၀ ရက်ကျော်ကြာနေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြီခဲ့သည် ၁၀ ရက်ခန့်က မူဆယ်မြို့ပြင်ပတ်လည်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ ပိတ်ဆို့ထားမှု့ကြောင့် သွားလာရခက်ခဲပြီး စစ်ဘေးရှောင်အချို့ အစားအစာများ ပြတ်လတ် လာကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“အခုထိလည်း ပိတ်ထားတုန်း။ ၁၀၅ မိုင်ဘက်ကနေ အရေးပေါ်လူနာ လာပို့တာဆိုရင်တော့ ရတယ်။ ဒီဘက် မူဆယ်ကနေတော့ ပေးကိုမထွက်ဘူး။ ဟိုရက်ကဆို ၁၀၅ မိုင်ဘက်က စစ်ဘေးရှောင် အယောက် ၆၀ ကျော်လောက် အစားအစာပြတ်နေလို့ဆိုပြီး မူဆယ်ဘက်ကို ရောက်လာတာ။ သူတို့တွေလည်း အခုလိုလမ်းတွေပိတ်ထားတဲ့ကြားက အရဲစွန့်ပြီးလာ ကြတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၄ နာရီကျော်ခန့်က မူဆယ် ၁၀၅ မိုင်၌ လက်နက်ကြီးကျည်ကပေါက်ကွဲမှု့ကြောင့် ဆေးဆရာတစ်ဦး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

“မနေ့ကဆို ဘယ်ဘက်ကပစ်တဲ့ဗုံးလဲတော့ မသိဘူး။ ၁၀၅ မိုင်မှာ နေအိမ်ပေါ် ကိုကျလို့ ဆေးထိုးဆရာ ဦးထွန်းဝေဦးတော့ ဆုံးသွားတယ်။ သူ့မိသားစုမှာ နှစ်ဦးဒဏ်ရာရတယ်။ အခု မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူများသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ပြီး၊ သေဆုံးသူအရပ်သား ၉၅ ဦး၊ ဒဏ်ရာရသူ ၁၅၂ ဦးရှိ ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများ‌ဖော်ဆောင်နေရာ အဆိုပါဒေသ များတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေးနေရသူ နှစ်သန်းနီးပါးရှိကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကမ်လက်လူမူကူညီရေးအသင်း

#ယနေ့ခေတ်

မူဆယ်မြို့ကို လက်နက်ကိုင်တပ်ဖွဲ့များပိတ်ဆို့မှုမှာ ၁၀ ရက်ကျော်ကြာနေပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.