မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ လိုင်စင်ရရှိပြီးသော ပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲတင်ပို့ခွင့်ပြုမည်

ရန်ကုန်၊ နိုဝင်ဘာ ၉

တိုက်ပွဲများကြောင့် ရပ်တန့်နေသည့် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ ပို့ကုန်/သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား အခြားမည်သည့်ကုန်သွယ်ရေး စခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

လတ်တလော လုံခြုံရေးအခြေ‌အနေ‌အနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ၊နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး‌ဇုန်နှင့် ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရရှိ‌ပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ် ရေးစခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှတင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှတင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

ထို့ပြင် သစ်သီးကုန်သည် အများစုသည်လည်း ရာသီချိန်ဖြစ်သည့်အတွက် အခြားကုန်သွယ်ရေးလမ်းကြောင်းမှ ပြောင်းလဲတင်ပို့ရန် စီစဉ်နေကြောင်းလည်း သိရသည်။

“ အဓိက သစ်သီးကုန်သည်တွေက ရာသီချိန်ဖြစ်နေတော့ ပိုဆိုးတယ်။ ရှမ်းအရှေ့ပိုင်းကနေ လွယ်ဂျယ်ကတစ်ဆင့် ပို့ဖို့လုပ်နေကြတယ်။ လမ်းကြောင်းအသစ်ရတာပေါ့။ ဒီဘက် ပုံမှန်ပို့နေတဲ့လမ်းကြောင်းနဲ့ အခုလမ်းကြောင်းအသစ်နဲ့က သိပ်မကွာဘူး။ ကုန်ကျစရိတ်က။ ဟိုဘက်ကနေပို့လည်း အခွန်ကြေးတွေ ပေးရတာမနည်းဘူး။” ဟု သစ်သီးကုန်သည် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်သည် ရာနှုန်းပြည့် ရပ်တန့်နေခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – ခွာညို သစ်သီးပွဲရုံ

#ယနေ့ခေတ်

မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ လိုင်စင်ရရှိပြီးသော ပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲတင်ပို့ခွင့်ပြုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.