ရန်ကုန်၊ ဖေဖော်ဝါရီ ၁
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရန် မျှော်လင့်နေကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာ အဓိကလမ်းကြောင်းများဖြစ်သည့် လားရှိုး-မူဆယ်နှင့် လားရှိုး-ချင်းရွှေဟော်လမ်းတို့ကို ကိုးကန့်တပ် (MNDAA) က ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ကြေညာခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
“ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ပွင့်စေချင်တယ်။ လမ်းကြောင်းပြောင်းပြီး တင်ပို့ရအောင်လည်း အဆင်မပြေဘူး။ တခြားသစ်သီးတွေ ဘာညာကတော့ ပို့လို့ရတာပေါ့။ ရေထွက်ကုန်တို့၊ ဆန်တို့က မရဘူး။ အဆင်မပြေဘူး။ အဲဒီတော့ မူဆယ်နယ်စပ်ဂိတ်ကိုပဲ ပြန်ဖွင့်ဖို့ မျှော်လင့်ရတာပေါ့။” ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ထို့ပြင် မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း နစကခေါင်းဆောင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအစည်းအဝေး (၁/၂၀၂၄) တွင်ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ လွယ်ဂျယ်၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးဂိတ် ၅ ခုကို အဓိကအသုံးပြုနေပြီး၊ မူဆယ်နှင့် ချင်းရွှေဟော်ဂိတ်တို့သည် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၇၆ ဘီလီယံရရှိထားပြီး၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁ ဒသမ ၈၀ ဘီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်ဖြစ်ရန် ကုန်သည်များ မျှော်မှန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်